ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ဒီနောက်ပိုင်းပွဲစဥ်တွေမှာ ဂိုးပေါက်ပျောက်နေတဲ့အပေါ် ဖြေရှင်းချက်ပေးလာခဲ့ပါတယ်။ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း ဘရူနိုဖာနန်ဒက်စ်က နောက်ကိုတော်တော်လေးဆင်းကစားပေးနေရပြီး အသင်းရဲ့ ဂိုးသွင်းတာဝန်ကို ရော်နယ်ဒိုကပဲ အဓိကထမ်းပိုးထားတာပါ။
(၂၀၂၀) ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ ပေါင် (၆၇) သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က အဲ့ဒီရာသီမှာပဲ (၁၄) ပွဲကစား၊ (၈) ဂိုးသွင်း၊ (၇) ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ယူနိုက်တက်ရဲ့ သွင်းဂိုး (၃၀) အထိ ဘရူနိုဖာနန်ဒက်စ်က ပါဝင်ပတ်သက်နေခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဒီရာသီအဖွင့် လိဒ်စ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် စက်တင်ဘာနောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာ (၁) ဂိုးသာ သွင်းနိုင်ခဲ့ပြီး (၁၁) ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော် အခု ဂိုးတွေ မသွင်းနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဂိုးပေါက်ပျောက်နေလို့ပါ။ ဒါက လွယ်လွယ်ကူကူသိနိုင်တဲ့အရာပဲလေ”
“ကျွန်တော်တို့ နောက်ဆုံး (၂) ပွဲကစားတဲ့ပုံစံအရဆို ကျွန်တော်က နောက်ကို နည်းနည်းလေး ပိုဆင်းကစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ စနစ်ကို ပြောင်းလဲနေပြီး ဒီအပေါ်မှာ အသားကျဖို့ လိုအပ်တာပေါ့။ အသင်းမှာရှိတဲ့လူတိုင်းကလည်း ဒါကို အသားကျအောင် ကြိုးစားနေကြပါတယ်။ အသင်းအတွက် ပိုကောင်းမယ့်အရာကို ကျွန်တော်တို့ လုပ်ပြရမှာပါ”
“ကျွန်တော် ကစားခွင့်ရတဲ့အခါတိုင်း အကောင်းဆုံးပုံစံပြနိုင်ဆဲပါ။ လူတွေက စိတ်ပျက်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိန်းဂဏန်းအချက်အလက်တွေက အတော်လေး ကျဆင်းသွားလို့လေ။ ဂိုးအရေအတွက်တွေ နည်းသွားပါတယ်။ ဒါပေမယ့် ဂိုးဖန်တီးမှုအရေအတွက်တွေ တက်လာတယ်လေ”
“ဂိုးဖန်တီးနိုင်တာ၊ ပုံစံကောင်းပြနိုင်တာထက် ဂိုးသွင်းတဲ့လူတွေက အမြဲတမ်း ပိုကောင်းနေကျပါပဲ။ ပြီးခဲ့တဲ့ရာသီမှာတော့ လူတိုင်းက ကျွန်တော်ဂိုးအများကြီး သွင်းတာတောင် ပင်နယ်တီကသွင်းတာ၊ ပုံစံကောင်း မပြနိုင်ဘူးလုပ်ပါသေးတယ်။ အခု ကျွန်တော် ပုံစံကောင်းပြနေတယ်၊ ဂိုးဖန်တီးမှုတွေလုပ်နေတော့ ဂိုးမသွင်းတော့ဘူးဖြစ်ပြန်ရော။ ဒါက အမြဲတမ်းပြဿနာတစ်ရပ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။