သူ့ပိုင် Tesla ရှယ်ယာ ၁၀% ကို ရောင်းရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ဟာ သူ့စကားအတိုင်း ဒေါ်လာ ၂၅ ဘီလျံကျော်တန် Tesla ရှယ်ယာတွေ ထုတ်ရောင်းရတော့မှာပါ။ 

နိုဝင်ဘာ ၆ ရက် စနေနေ့က Tesla CEO ဟာ သူ့ပိုင် Tesla စတော့ခ်ရှယ်ယာ ၁၀% ရောင်းထုတ်လိုက်ရမလားဆိုပြီး follower တွေရဲ့ သဘောကို Twitter မှာ poll လုပ်ပြီး မဲခွဲခဲ့ပါတယ်။ ၂၄ နာရီကြာမြင့်ပြီး လူပေါင်း ၃.၅ သန်းကျော်ပါဝင်တဲ့ မဲပေးမှုအပြီးမှာ Tesla ရှယ်ယာတွေ ရောင်းဖို့ သဘောတူတဲ့ဦးရေဟာ ၅၇.၉% အထိ ရှိခဲ့တယ်လို့ Deccan Herald သတင်းက ဖော်ပြပါတယ်။ ရှယ်ယာရောင်းဖို့ မဲပေးတဲ့ဘက်က အနိုင်ရခဲ့တာ ဖြစ်လို့ အီလွန်မတ်စ်အနေနဲ့ ကတိအတိုင်း သူ့ပိုင် Tesla ရှယ်ယာ ၁၀% ကို ရောင်းရတော့မှာ ဖြစ်ပါတယ်။





"ဘယ်လိုရလဒ်ပဲ ထွက်လာထွက်လာ လက်ခံဖို့ ကျွန်တော့်ဘက်က ပြင်ဆင်ထားပါတယ်။" လို့ မဲပေးမှု အပြီးမှာ မတ်စ်က ပြောပါတယ်။ "ကျွန်တော်လစာတို့ ဘောနပ်စ်တို့ကို ငွေသား မယူပါဘူး။ စတော့ခ်ရှယ်ယာပဲ ရှိပါတယ်။ ဒါကြောင့် အခွန်ဆောင်ပါဆိုရင် ကျွန်တော့်မှာ စတော့ခ်တွေ ရောင်းပြီးပဲ အခွန်ဆောင်ရမှာပါ။"

အခွန်ဆောင်ဖို့ ရှယ်ယာရောင်းသင့်/မရောင်းသင့်ကို Twitter poll ရလဒ်နဲ့ ဆုံးဖြတ်တာကိုတော့ ဆီးနိတ်လွှတ်တော်အမတ် ဝိုင်ဒန်က ကန့်ကွက်ပါတယ်။ ဝိုင်ဒန်ဟာ ဘီလျံနာဝင်ငွေခွန်ကိစ္စအဆိုတင်သွင်းထားသူလည်း ဖြစ်ပါတယ်။ "အခုအချိန်က Billionaires Income Tax လုပ်ရမယ့်အချိန်ပါ"လို့လည်း သူက ပြောပါတယ်။ 

အခုလို Twitter ပေါ်မှာ ဆန္ဒတောင်းခံ poll လုပ်တာဟာ ရင်းနှီးမြှပ်နှံမှုတစ်ခုရဲ့ တန်ဖိုးတက်လာတဲ့အပေါ် အခွန်ကောက်ခံမှုနဲ့ ပတ်သက်လို့ လူတွေ နားမရှင်းဖြစ်နေတဲ့ မူဝါဒကို တုံ့ပြန်ဖို့ လုပ်တာလို့လည်း မတ်စ်က ဆိုပါတယ်။ ငွေသားနဲ့ ရောင်းမထုတ်မချင်း ကိုင်ထားတဲ့ စတော့ခ်/ရင်းနှီးမြှပ်နှံမှုတစ်ခုရဲ့တန်ဖိုး တိုးမှုကို Unrealized Gains လို့ ခေါ်ပြီး တကယ်တမ်း ရောင်းထုတ်ချိန်မှာ မြတ်တာလား/ ရှုံးမှာလား သိရမယ့်အခြေအနေကို ပြောတာ ဖြစ်ပါတယ်။ 


Photo: mashable


မတ်စ်ဟာ Unrealized Gains တွေအပေါ် အခွန်ကောက်မယ့် အစီအစဉ်ကို လူသိရှင်ကြား ကန့်ကွက်ထားသူလည်း ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ဟာ အလွန်အမင်းချမ်းသာတဲ့ သူဌေးတွေကို သူတို့ပိုင်ဆိုင်တဲ့ စတော့ခ်ပိုင်ဆိုင်မှု တန်ဖိုးတက်တဲ့အပေါ် အခွန်ကောက်ခံဖို့ လုပ်တာပါ။ ဒီအခွန်ဟာ ဘီလျံနာတွေ အခွန်ရှောင်နိုင်တဲ့ ဟာကွက်ကို ပြင်ဆင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 

Tesla ရှယ်ယာ ၁၀% ကို ရောင်းမယ်လို့ ကတိပေးလိုက်တာဟာ မတ်စ်အနေနဲ့ အခွန်တွေ ပေးမယ်လို့ ဝန်ခံလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁ ထရီလီယံကျော်တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးလျှပ်စစ်ကားကုမ္ပဏီမှာ အီလွန်မတ်စ်ဟာ ရှယ်ယာ ၂၃% ပိုင်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာ Tesla ရှယ်ယာတစ်စုဟာ ၁၂၂၉.၉၁ ဒေါ်လာ ပေါက်တယ်လို့လည်း Market Watch က ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က