မွန်ပြည်နယ်ဘက်ကိုရောက်တဲ့သူတိုင်း နှင်းပုလဲထမင်းပေါင်းကို မသိသူရှားပါတယ်။
ထမင်းပူပူနဲ့ ဟင်းအနှစ်လေးကိုပေါင်းပြီး ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ထမင်းပေါင်းလေးကို စားဖူးတဲ့သူတိုင်း အကြိုက်တွေ့ကြပါတယ်။ ဒီလို နာမည်ကျော်လှတဲ့ နှင်းပုလဲ ထမင်းပေါင်းလေး ရဲ့ ရာဇဝင်က ဘယ်လိုလေးများဖြစ်မလဲ။ နှင်းပုလဲထမင်းပေါင်းကိုလူကြိုက်များရတဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာကို Duwun ရဲ့ Food ကဏ္ဏကနေ ပြောပြပေးချင်ပါတယ်။
ရွှေမျက်မှန်နှင်းပုလဲထမင်းပေါင်းအစပြုခဲ့ရာနေရာ
Photo: Shwe Myat Hman Hnin Pearl
ရထားလေးနဲ့ မွန်ပြည်နယ်ဘက်ကို အလည်လာတဲ့သူတိုင်း ဘီးလင်းမြို့ နှင်းပုလဲဘူတာ ရောက်ပြီဆိုရင် “ နှင်းပုလဲထမင်းပေါင်း နှင်းပုလဲထမင်းပေါင်း” လို့ အော်ပြီးရောင်းနေကြတဲ့ ဈေးသည်တွေကိုမြင်ဖူးကြမှာပါ။ ဒီနှင်းပုလဲထမင်းပေါင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ရွှေမျက်မှန်ကိုင်းထူထူကြီး ဝတ်ဆင်ထားတဲ့ ဦးတင်မြင့်ဆိုသူက စတင်ရောင်းချခဲ့တာပါ။ ထမင်းနဲ့ဟင်းပေါင်းပြီးရောင်းလို့ ထမင်းပေါင်းလို့ ခေါ်တွင်ပြီး ရွှေမျက်မှန်ကိုင်းကိုင်းထူထူ ဝတ်ဆင်ထားတဲ့ ရောင်းချသူကို အစွဲပြုပြီး စားသုံးသူ ဒေသခံတွေက ရွှေမျက်မှန် ထမင်းပေါင်းလို့ အမည်စတင် ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။ နှင်းပုလဲထမင်းပေါင်းကို မွန်ပြည်နယ် ဒေသခံတွေကတော့ ရွှေမျက်မှန်ထမင်းပေါင်းလို့ ခေါ်တွင်ပြီး အခြားဒေသကလူတွေကတော့ နှင်းပုလဲဘူတာကို အစွဲပြုကာ နှင်းပုလဲထမင်းပေါင်းလို့ ခေါ်တွင်ကြတာဖြစ်ပါတ။
နှင်းပုလဲထမင်းပေါင်းက ဘာထူးလို့လဲ
Photo: Shwe Myat Hman Hnin Pearl
နှင်းပုလဲထမင်းပေါင်းလို့ ပြောလိုက်တာနဲ့ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ထမင်းပေါင်းကို တန်းမြင်မိကြတာကလည်း ထူးခြားချက်တစ်ခုပါပဲ။ ထမင်းပူပူနွေးနွေးလေးနဲ့ ကြက်သွန်မဆလာတို့ကို ရောပြီးဆီသတ်ထားတဲ့ အနှစ် ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေးကို အအီပြေအောင် ငရုတ်သီးထောင်းလေးနဲ့ တွဲဖက်စားသုံးရတာအရသာက စားသုံးလိုက်တဲ့သူတိုင်း အာခံတွင်းတွေ့စေမှာ အမှန်အကန်ပါပဲ။ နှင်းပုလဲထမင်းပေါင်းကို ကြက်သားကြော် ကြွပ်ကြွပ်လေးနဲ့ တွဲဖက်စားသုံးရတာက လူကြိုက်အများဆုံးဖြစ်ပြီး တခြားဟင်းလျာတွေဖြစ်တဲ့ ဆိတ်သားဟင်း၊ ငါးဖယ်ဟင်း၊ကြက်သားဟင်း၊ ငါးဟင်း၊ ဘဲဥဟင်း၊ စတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။
လက်ဆင့်ကမ်းအမွေ
Photo: Shwe Myat Hman Hnin Pearl
၁၉၆၅ ခုနှစ်က စတင်ပြီး နှင်းပုလဲဘူတာလေးမှာ ဖခင်ဖြစ်သူ ဦးတင်မြင့် ရောင်းချခဲ့တဲ့ နှင်းပုလဲထမင်းပေါင်းကို အခုလက်ရှိမှာတော့ သားသမီး ဖြစ်သူတွေက လက်ဆင့်ကမ်းပြီး ပြန်လည်ရောင်းချနေကြဆဲဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါးတိုင်အောင် ဖခင်လက်ထက်ကတည်းကရောင်းချခဲ့တဲ့ လက်ရာအတိုင်း စားသုံးသူတွေ အကြိုက်တွေ့နေဆဲဖြစ်ပါတယ်။ “ ကျွန်တော်တို့ အရင်က ရထားနဲ့ ခရီးသွားတိုင်း နှင်းပုလဲ ဘူတာမှာ ရထားဆိုက်ပြီဆိုတာနဲ့ ထမင်းပေါင်းသည်လေးတွေက ခြင်းလေးတွေ လက်ကဆွဲပြီး ရထားပေါ်တက်လာကြတယ်။ နှင်းပုလဲ ဘူတာရောက်တိုင်း အမြဲဝယ်စားဖြစ်ပါတယ်။ အခုနောက်ပိုင်း အဝေးပြေးကားနဲ့ ရန်ကုန်-မော်လမြိုင်ကို သွားတိုင်းလည်း ရွှေမျက်မှန်ထမင်းပေါင်းဆိုင်မှာပဲ စားဖြစ်ပါတယ်။” လို့ မွန်ပြည်နယ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
နှင်းပုလဲထမင်းပေါင်းကို ဘယ်နေရာတွေမှာရနိုင်သလဲ
Photo: Shwe Myat Hman Hnin Pearl
ယခင်က နှင်းပုလဲဘူတာမှာပဲရနိုင်တဲ့ နှင်းပုလဲထမင်းပေါင်းလေးဟာ အခုတော့ မွန်ပြည်နယ်၊ ရန်ကုန်နဲ့ အခြားမြို့တော်တော်များများမှာလည်း ရောင်းချနေကြတာတွေ့ရပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က သထုံမြို့အနီးမှာ ရွှေမျက်မှန်ထမင်းပေါင်းဆိုင်ကြီး ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်ကိုလာတဲ့သူတိုင်း ခရီးတစ်ထောက်နား နေ့လည်စာ စားသုံးတဲ့ နေရာလေးတစ်ခု ဖြစ်နေပြီလို့ မိသားစုဝင်တစ်ဦးကဆိုပါတယ်။ဒါ့အပြင် ရန်ကုန်မြို့ပေါ်မှာတော့ ၂၇ လမ်းအောက်ဘလောက်မှာ နှင်းပုလဲထမင်းပေါင်းဆိုင်လေးတစ်ခု ဖွင့်လှစ်ထားပါတယ်။မီးရထား ဘူတာသေးသေးလေးကနေ အစပြုခဲ့တဲ့ နှင်းပုလဲထမင်းပေါင်းလေးဟာ နှစ်ပေါင်း ၆၀ နီးပါးတိုင်အောင် စားသုံးသူတွေ အကြိုက် အသည်းစွဲ လက်ရာတစ်ခုဖြစ်နေပြီး အခုဆို တစ်နိုင်ငံလုံးမှာ နာမည်ကျော် အစားအသောက်အဖြစ် ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။