အမျိုးသမီးမျိုးပွားအင်္ဂါ (မိန်းမကိုယ်) ဟာ သန့်ရှင်းနေဖို့ပဲ လိုအပ်ပြီး မွှေးကြိုင်နေဖို့ မလိုအပ်ပါဘူး။

မှန်ကန်တဲ့ သန့်ရှင်းရေးနည်းလမ်းကို သိရှိခြင်းက အမျိုးသမီးတစ်ဦးရဲ့ မျိုးပွားအင်္ဂါ (မိန်းမကိုယ်) ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။

အမျိုးသမီးတစ်ဦးဟာ ဘယ်အသက်အရွယ်မှာမဆို ဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ တကယ်တမ်းမှာ အမျိုးသမီးမျိုးပွားအင်္ဂါ (မိန်းမကိုယ်) ဟာ သန့်ရှင်းနေဖို့ပဲ လိုအပ်ပြီး မွှေးကြိုင်နေဖို့ မလိုအပ်ပါဘူး။ဒါပေမယ့် အမျိုးသမီးတွေဟာ ကိုယ်တိုင်အတွက်ဖြစ်စေ ၊ မိမိအိမ်ထောင်ဖက် ဒါမှမဟုတ် အဖော်အတွက် ဒါကို မွှေးပျံ့နေဖို့ လိုအပ်တယ်ထင်ပြီး ကြိုးစားကြပါတယ်။

မိန်းမကိုယ်အတွက် အရေးကြီးတဲ့ pH

Photo: Self

မိန်းမကိုယ်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးအရာက pH ပမာဏကို ထိန်းသိမ်းခြင်းဖြစ်ပါတယ်။ ပုံမှန်မိန်းမကိုယ်ရဲ့ pH ဟာ အက်ဆစ်ဓာတ်ရှိပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ကို ပိုသန့်ရှင်းချင်လို့ ၊ မွှေးကြိုင်ချင်လို့ စတဲ့ အချက်တွေနဲ့ မိန်းမကိုယ်ကို သန့်ရှင်းရေး အလွန်အကျွံလုပ်တာ ၊ မိန်းမကိုယ်ထဲကို ပြင်ပကနေ တခြားအရာတစ်ခုခု ဝင်ရောက်လာပြီဆိုရင်တော့ မိန်းမကိုယ်ရဲ့ pH ပမာဏ ကမောက်ကမ ဖြစ်ပြီး ယားယံခြင်းနှင့် နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ရေနဲ့ သန့်ရှင်းခြင်း 

Photo: Fustany

သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ထိန်းသိမ်းခြင်းဆိုတာ မိန်းမကိုယ်ရဲ့ အပြင်ဘက် (အတွင်းပိုင်းမဟုတ်)ကို ပုံမှန်ညင်သာစွာ ရေနဲ့ဆေးကြောခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ်အတွက် သန့်စင်တဲ့ ရေဆိုတာ ဆပ်ပြာတစ်မျိုးလိုပါပဲ အကောင်းဆုံးဖြစ်ပါတယ်။ မိန်းမကိုယ်က အနံ့မွှေးဖို့ မလိုအပ်ပါဘူး ။ မွှေးရနံ့တွေက pH ကိုအနှောင့်အယှက်ဖြစ်စေပြီး လိုအပ်တဲ့ ဘက်တီးရီးယားတွေကို ပျက်စီးစေလို့ ပြင်ကနေ ပိုးဝင်တာ ၊ ယားယံတာတွေ ဖြစ်စေပါတယ်။

အမွှေးနံ့တွေ မသုံးပါနဲ့ 

Photo: Carefree

တကယ်လို့ ကိုယ်က ရေမချိုးဖြစ်တဲ့နေ့ဆိုရင်တောင် မိန်းမကိုယ်ကို သန့်စင်တဲ့ရေ ၊ နွေးရုံလေးနွေးတဲ့ရေတို့နဲ့ သန့်စင်ပါ။ မွှေးတဲ့ဆပ်ပြာတွေ ၊ ဂျယ်လ်တွေ ၊ သန့်စင်ဆေးရည်တွေကို ရှောင်ပါ။ ပြင်ပကနေ သုံးလိုက်တဲ့ မွှေးရနံ့တွေဟာ မိန်းမကိုယ်ဧရိယာကို ထိခိုက်စေနိုင်ပြီး အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်တာမဟုတ်ဘဲ ဖုံးဖိတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအမွှေးနံ့တွေကပဲ အနံ့ဆိုးထွက်တာကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ၊ ပညာရှင်က ညွှန်ကြားတာမဟုတ်တဲ့ ပြင်ပ ပစ္စည်းတွေနဲ့ မထိတွေ့ မသန့်စင်ပါနဲ့။

မိန်းမကိုယ် သန့်ရှင်းကျန်းမာဖို့ 

မိန်းမကိုယ် သန့်ရှင်း ကျန်းမာနေဖို့ ပုံမှန်အတိုင်း ရေနဲ့ သန့်ရှင်းရေးလုပ်ပါ။ မိန်းမကိုယ်ကို ရေစိုစွတ်စေပြီးတဲ့အခါဆိုရင် ခြောက်သွေ့အောင်သန့်စင်တဲ့ အဝတ် ဒါမှမဟုတ် အမွှေးရနံ့မပါတဲ့ တစ်ရှူးနဲ့ မိန်းမကိုယ် အရှေ့ဘက်ကနေ အနောက်ဘက်(စအို)ဘက်ကို သုတ်ပါ။ ပြောင်းပြန်မသုတ်ပါနဲ့ ။ မလိုအပ်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ ခြောက်သွေ့အောင် သုတ်ပါ။ ဒါ့အပြင် မိန်းမကိုယ်မှာရှိတဲ့ အမွှေးတွေကို ဓားနဲ့ မရိတ်ပါနဲ့ ။ ဒါဟာ မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေကို ဝင်ရောက်စေနိုင်ပါတယ်။ ဒါဟာ မိန်းမကိုယ် ဧရိယာကို ကာကွယ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ တကယ်လို့ အနည်းငယ်ရှင်းပစ်ဖို့ လိုအပ်လာရင် ကပ်ကြေးနဲ့ ညှပ်တာမျိုး ပြုလုပ်ပါ။ ဓာတုပစ္စည်းတွေပါဝင်တဲ့ အမွှေးချွတ်ခရင်မ်တွေ မသုံးမိပါစေနဲ့။ 

ရာသီစက်ဝန်းကာလမှာလည်း သတိထားပါ

Photo: Medical News Today

မိန်းမကိုယ် သန့်ရှင်းရေးအတွက် ရာသီစက်ဝန်းကာလမှာလည်း tampons, pads နှင့် liners တွေကို အနည်းဆုံး ၄ာရီခြား တစ်ခါ လဲလှယ်ပါ။ အဲဒီပစ္စည်းတွေကိုလည်း အမွှေးရနံ့ပါတာတွေ ၊ ထူးခြားအောင်ပြုလုပ်ထားတာတွေ ရှောင်ပါ။ 

အတွင်းခံကို ဂရုစိုက်ပါ 

Photo: Healthshots

မိန်းမကိုယ်ဧရိယာကို လေဝင်လေထွက်မရှိအောင် တင်းကျပ်တဲ့ ဘောင်းဘီတွေ မဝတ်ပါနဲ့။ ချည်သားအတွင်းခံတွေ ဝတ်ဆင်ပါ။ အားကစားလုပ်ပြီးရင် အတွင်းခံလဲပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အတွင်းခံစိုစွတ်နေရင် လဲလှယ် ဝတ်ဆင်ပေးပါ။ အတွင်းခံတွေကိုလည်း ရနံ့မွှေးအောင် လုပ်ဆောင်တာမျိုး ရှောင်ပါ။ အသေအချာ ခြောက်သွေ့အောင် မီးပူတိုက်ပြီး ဝတ်ဆင်ပါ။

လိင်ဆက်ဆံတဲ့အခါ ဂရုပြုပါ

ဘက်တီးရီးယား ပြန့်ပွားမှုကို ကာကွယ်ဖို့ လိင်ဆက်ဆံတဲ့နေရာမတူတဲ့အခါ ကွန်ဒုံးကို လဲလှယ်ပေးပါ။ လိင်ဆက်ဆံနေစဉ်အတွင်း ဘက်တီးရီးယားပိုးတွေဟာ တစ်ခါတစ်ရံ ဆီးလမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်တာကြောင့် လိင်ဆက်ဆံပြီးနောက်မှာ ဆီးသွားခြင်း ၊ ရေနဲ့သန့်စင်ခြင်း ၊ သန့်စင်တဲ့ အဝတ်နဲ့ ခြောက်သွေ့အောင် လုပ်ဆောင်ပေးပါ။

မိန်းမကိုယ်ဟာ မွှေးကြိုင်နေဖို့ မလိုပဲ သဘာဝအတိုင်း သန့်စင် ကျန်းမာနေရင် ဒါဟာ ပြည့်စုံတဲ့ အလှတရားဖြစ်ပါတယ်။ ကိုယ်ခန္ဒာရဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် သဘာဝအတိုင်းရနံ့ရှိတာ ရှက်စရာ မဟုတ်ပါဘူး။

Ref: Bloom OB/Gyn

Share

Loading Next Article...
က္က