ဒါတွေကို ကိုယ်ဝန်ဆောင်တွေက အမှန်လို့ ထင်မှတ်မှားနေကြပါတယ်။

နှစ်ပေါင်းများစွာရှိလာတဲ့ ရှေးရိုးစွဲအယူအဆအချို့ကြောင့် မြန်မာနိုင်ငံကကိုယ်ဝန်ဆောင်တွေစာ အစာအာဟာရနဲ့ပတ်သက်ပြီး ဟိုဟာမစားရဘူး၊ဒီဟာမစားရဘူးနဲ့အမြဲလိုတားမြစ်ပိတ်ပင်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အယူအဆအမှားတွေကြောင့် အဟာရ လုံလောက်စွာ မရတာမျိုးနဲ့လည်းကြုံနေကြရပါတယ်။ ဘယ်အချက်တွေကို မှားယွင်းစွာ သိရှိထားကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။


ကိုယ်ဝန်ဆောင်ဟာ အစားအများကြီးမစားရဘူး 

Photo: Medical News Today

ကိုယ်ဝန်ဆောင်နော် အစားတွေ အများကြီးမစားရဘူးဆိုပြီး တားဆီးတဲ့စကားတွေ မကြာခဏကြားနေရတယ်လို့ ကိုယ်ဝန်ဆောင်သည်တွေက ညည်းတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်သည်တွေ အစားအများကြီး မစားရဘူးဆိုတာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ်အလေးချိန်နဲ့ ချိန်ညှိပြီး စားရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်သည်ဟာ ခန္ဓာကိုယ် ပိန်ပြီး သေးကွေးနေမယ်ဆိုရင် အစားမစားလို့ မရပါဘူး။ ဒီလိုမှမဟုတ်ဘဲ အရမ်းဝနေသူဆိုရင်တော့ အစားအများကြီး စားတာမျိုးရှောင်ရပါမယ်။

ကိုယ်ဝန်နဲ့မို့ နှစ်ယောက်စာစားရမယ် 

Photo: Cleveland

အရပ်ထဲ ပြောနေကြတာ ကြားဖူးမှာပါ။ ကိုယ်ဝန်ဆောင်စဉ်မို့ နှစ်ယောက်စာ စားရမယ်ဆိုတဲ့ စကားဟာလည်း တကယ်တော့ မမှန်ပါဘူး။ အရမ်းဝနေတဲ့သူလည်း မဟုတ်ဘူး၊ အရမ်းဝနေတဲ့သူလည်း မဟုတ်ဘူး၊ ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ နဂိုစားသောက်နေတဲ့ပမာဏမှာ ၂၀၀ ကယ်လိုရီ (ပေါင်မုန့်နှစ်ချပ်စာ) ပိုစားရင်ကို လုံလောက်ပါတယ်။  

ငှက်ပျောသီးမစားရဘူး 

Photo: FirstCry Parenting

ကိုယ်ဝန်ဆောင်သည်တွေ ငှက်ပျောသီးမစားရဘူး။ ကလေးထွားရင် မွေးဖွားရခက်မယ် ဆိုတဲ့ စကားတွေကို ရပ်ကွက်ထဲမှာ ကြားဖူးကြမှာပါ။ တကယ်တော့ ငှက်ပျောသီးဟာ အသီးအနှံဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ငှက်ပျောသီးတစ်မျိုးတည်းစားရုံနဲ့ ဝတယ်၊ ကလေးထွားတယ်ဆိုတာ မဟုတ်ပါဘူး။ 

ကလေးကသွေးတောင်းတယ်

ကိုယ်ဝန်သည်တော်တော်များများပြောတတ်တဲ့စကားထဲမှာ ကိုယ်က စားချင်လို့ မဟုတ်ပါဘူး၊ ကလေးက စားချင်လို့ပါ ဆိုတာမျိုးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ အဲဒါဟာ ကလေးက တောင်းတာမဟုတ်ပါဘူး။ တခါတလေကျရင် ကိုယ်ဝန်ဆောင်သည်တွေဟာ အာဟာရချို့တဲ့မှုကြောင့် ၊ သံဓာတ်ချို့တဲ့မှုကြောင့် ၊ ဟော်မုန်းအပြောင်းအလဲကြောင့် ၊ စိတ်ပင်ပန်းလူပင်ပန်းတာတွေကြောင့် စားချင်သောက်ချင်စိတ်တွေဖြစ်တာ၊ အစားအသောက်စားသောက်မှုပြောင်းလဲသွားတာတွေ ဖြစ်သွားတာဖြစ်ပါတယ်။ 

ကိုယ်ဝန်ဆောင်သည်က နွားနို့မသောက်ရဘူး

Photo: FirstCry Parenting

နွားနို့ဟာ ပရိုတင်းဓာတ်၊ ကယ်စီယမ်ဓာတ်တွေရရှိနိုင်တာဖြစ်လို့ သန့်ရှင်းတဲ့ ၊ သန့်စင်တဲ့ နွားနို့ကို ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ကျိုချက်ပြီး သောက်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အစာမကြေတာ ၊ ပျို့ချင်အန်ချင်တာ ၊ အက်ဆစ်ဓာတ်များတာ ၊ နွားနို့သောက်ချိန်မှာ အချဉ်ပေါက်တာ ၊ လေပိုထတာမျိုး ဖြစ်တယ်ဆိုရင်တော့ မသောက်သုံးသင့်ပါဘူး။ 

ကိုယ်ဝန်ဆောင်သည်များအတွက် ဆောင်ရန်ရှောင်ရန်များ 

Photo: FirstCry Parenting

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ထမင်းစားတဲ့နေရာမှာ လေးပုံပုံပြီး လေးပုံတစ်ပုံကို ထမင်း၊ အသားနဲ့ငါး က လေးပုံပုံ တစ်ပုံ ၊ အသီးအနှံ ၊ အသီးအရွက် နဲ့ နို့ ကလေးပုံပုံ နှစ်ပုံ စားသုံးပေးရပါမယ်။ ကိုယ်ဝန်ဆောင်သည်ဖြစ်တဲ့အတွက် ပိုဆာတယ်၊ ပိုစားချင်တယ်ဆိုရင် ထမင်းတွေ၊ အာလူးတွေကို ပိုစားမယ့်အစား အသီးအနှံနဲ့ အသီးအရွက်တွေကို ပိုစားပေးတာက ပိုသင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ရှောင်ကြဉ်သင့်တာတွေကတော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဆေးလိပ်နဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော်မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က