ငါးပိ၊ငါးခြောက်ဆိုတာမြန်မာလူမျိုးအများစုရဲ့အသည်းစွဲ အစားအစာပါ။
ငါးပိ၊ငါးခြောက်လေးရှိရုံနဲ့ ဘာဟင်းမှ မလိုအောင်ပြည့်စုံတဲ့အထိ ငါးပိ၊ငါးခြောက်ဟာ မြန်မာတို့အတွက် အရေးပါလှပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်လိုအာဟာရတန်ဖိုးနဲ့အန္တရာယ်ကင်းရေးအဓိကထားတဲ့စားသောက်နေထိုင်မှုပုံစံမှာ ငါးပိ၊ငါးခြောက်က လူတွေအတွက် အာဟာရတန်ဖိုးနဲ့အန္တရာယ်ကင်းမှုရှိရဲ့လားဆိုတာ သံသယဖြစ်စရာရှိနေပါတယ်။ ငါးပိ၊ ငါးခြောက်စားရင် သွေးတိုးတယ်ဆိုတဲ့အသိရှိကြပေမယ့် တခြားအန္တရာယ်ပေးနိုင်တဲ့ အခြေအနေတွေရှိနေသေးသလားဆိုတာကို လေ့လာကြည့်ရအောင်ပါ။
ဘာကြောင့် ငါးပိ၊ငါးခြောက်က အန္တရာယ်များလဲ
Photo: Kalinga TV
ငါးပိ၊ငါးခြောက်တွေ အန္တရာယ်များရတဲ့ အကြောင်းကတော့ ထုတ်လုပ်မှုပုံစံကြောင့်ပါပဲ။ မိရိုးဖလာပုံစံအတိုင်း အခြောက်လှမ်းတာ ၊ သင့်လျော်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ၊ လုပ်ငန်းခွင်သန့်ရှင်းမှု ၊ သိုလှောင်ထုပ်ပိုးမှု ၊ ဖြန့်ဖြူးမှု ၊ ပိုးသတ်ဆေးဝါး သုံးစွဲမှု ၊ ရေထုညစ်ညမ်းမှုတွေကြောင့် ငါးပိ၊ငါးခြောက်တွေဟာ အန္တရာယ်ရှိ အစားအစာဖြစ်လာပါတယ်။
ငါးပိ ငါးခြောက်တွေမှာ သတ္တုဓာတ်များစွာ ပါဝင်နေခြင်းက တိရစ္ဆာန်တွေနဲ့ လူ့ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ဒီသတ္တုဓာတ်တွေဟာ ပမာဏနည်းတဲ့အခါ မသိသာပေမယ့် အစားများရင်း ခန္ဓာကိုယ်မှာ စုပုံလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ငါးပိ၊ငါးခြောက်တွေမှာ တွေ့ရတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Cadmium ဟာ ကျောက်ကပ်ကို ထိခိုက်စေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ချို့ယွင်းတာ ၊ မျိုးပွားမှု အားနည်းစေတာ ၊ သွေးတိုးရောဂါ၊ အာရုံကြောစနစ်ပျက်စီးစေခြင်း၊ အကျိတ်များ နဲ့ အသည်းရောဂါအပါအဝင် နာတာရှည် အဆိပ်သင့်မှု လက္ခဏာတွေကို ဖြစ်စေပါတယ်။ဒါ့အပြင် မသန့်ရှင်းတဲ့ ငါးပိ၊ငါးခြောက်တွေဟာ အစာအိမ်ပိုးကိုဖြစ်စေပြီး အစာအိမ်ရောင်ယမ်းခြင်းအပါအဝင် အစာအိမ်ရောဂါတွေ ဖြစ်စေပါတယ်။
ဒါဆိုရင် ငါးပိ၊ငါးခြောက်မစားရတော့ဘူးလား
Photo: MoeMaKa
အန္တရာယ်များတယ်လို့ဆိုထားတော့ ငါးပိ၊ငါးခြောက်ကိုလုံးဝမစားရတော့ဘူးလား။ ဒီလိုတော့လည်းမဟုတ်ပါဘူး။ အန္တရာယ်လုံးဝမရှိတော့ဘူးလို့မဆိုနိုင်ပေမယ့် သင့်လျော်တဲ့ပမာဏ၊ သင့်လျော်တဲ့တွဲဖက်စားသုံးမှုတွေနဲ့ ငါးပိ၊ငါးခြောက်ကိုစားသုံးနိုင်ပါတယ်။ ငါးပိ၊ငါးခြောက်တွေဟာ ဆားပါဝင်မှုများပြီး သတ္တုဓာတ်တွေလည်း များလို့ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ငါးပိ၊ငါးခြောက်ဟာ သွေးတိုးစေတယ်ဆိုတာကိုတော့ အတော်များများ သိကြပြီး ဖြစ်ပါတယ်။ဒါကြောင့် ငါးပိ၊ငါးခြောက်ကို စားမယ်ဆိုရင်လည်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ချိန်ညှိပြီး စားသုံးသင့်ပါတယ်။ တကယ်လို့ ငါးပိ၊ငါးခြောက်စားဖြစ်တယ်ဆိုရင်လည်း အဲဒီနေ့မှာ အသီးအနှံ၊အသီးအရွက်တွေ ပိုပြီးများများစားပေးသင့်ပါတယ်။
ဘယ်လိုလူတွေ ငါးပိ၊ငါးခြောက်ရှောင်သင့်လဲ
Photo: Crushpixel
ငါးပိ၊ငါးခြောက်တွေမှာ ဆားပါဝင်မှုနှုန်း များတာကြောင့် ကျောက်ကပ်နဲ့ နှလုံးရောဂါ ခံစားနေရသူတွေ ရှောင်သင့်ပါတယ်။ ဒါ့အပြင် ငါးပိ ငါးခြောက်ရဲ့ မသန့်ရှင်းမှုကြောင့် အစာအိမ်ရောဂါတွေဖြစ်စေနိုင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှိသူတွေဆိုရင်လည်း ရှောင်ကျဉ်သင့်ပါတယ်။
ငါးပိ၊ငါးခြောက်ကို အန္တရာယ်ကင်းအောင်ဘယ်လိုစားမလဲ
မိရိုးဖလာအရ ငါးပိသိပ်ငါးခြောက်လှန်းတဲ့အခါမှာ ငါးနဲ့ဆားကိုပဲအဓိကထားအသုံးပြုကြပါတယ်။ နောက်ပိုင်းမှာတော့ ဈေးကွက်မှာကြာရှည်အထားခံဖို့အတွက် ဓာတုဆေးဝါးအသုံးပြုမှုတွေရှိလာတယ်ဆိုတဲ့ သတင်းတွေကိုလည်းတွေ့ရပါတယ်။ ၂၀၁၅ခုနှစ်မှာ FDA ရဲ့ထုတ်ပြန်ချက်အရ ဓာတုဆိုးဆေးမသုံးထားတဲ့ မျှင်ငါးပိနဲ့အခြားငါးပိအမျိုးအစားတွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ အာဆင်းနစ်ဓာတ်ပါဝင်ခြင်းမရှိဘူးလို့သိရပါတယ်။ ဆေးပညာရှုထောင့်အရဆိုရင် သဘာဝအတိုင်းဖန်တီးထားတဲ့ ငါးပိနဲ့ငါးခြောက်မှာ ဗီတာမင်ဓာတ်အချို့ပါဝင်ပြီး အရိုးအဆစ်ကိုသန်မာစေပါတယ်။
Ref: Scirp.org
Share