ဒီကာလ အမျိုးသမီးတွေကြား ရာသီပုံမှန်မလာဘူးဆိုတဲ့ ညည်းညူသံတွေ ညံစီနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ရာသီမမှန်တာလား၊ အနေအထိုင်အပြုအမူတွေကြောင့် ရာသီမမှန်တာလား၊ အစားအသောက်မမှန်တာတွေကြောင့်လား စသဖြင့် မေးခွန်းပေါင်းများစွာ ရှိကြပါလိမ့်မယ်။ ရာသီမမှန်တဲ့အမျိုးသမီးတွေရဲ့ ပြဿနာတွေကို ဒီဆောင်းပါးနဲ့ အဖြေရှာကြည့်ရအောင်ပါ
လစဉ်ပုံမှန်လာနေကျ ကောင်ကလေး
Photo: Medical News Today
အမျိုးသမီးတွေဟာ လစဉ်ပုံမှန် သားအိမ်ထဲကနေ သားဉကြွေလေ့ရှိပါတယ်။ အတိအကျကြီး ဒီလ ၂၁ ရက်နေ့မှာ ရာသီလာလို့ နောက်လ ၂၁ ရက်နေ့မှာ ရာသီလာတယ်ဆိုတာမျိုးမဟုတ်ဘဲ ၂၁ရက်ကနေ ၄၅ရက်ကြား လစဉ်ပုံမှန် ရာသီလာလေ့ရှိပါတယ်။ တချို့အမျိုးသမီးတွေမှာ ၃ပတ်တစ်ခါ လာတတ်ပြီး တချို့မှာတော့ တစ်လခွဲတစ်ခါ လာတတ်တာမျိုးပါ။
ဟော်မုန်းများနဲ့ အလုပ်လုပ်သူ
ရာသီလာတယ်ဆိုတာဟာ ဦးနှောက်ထဲက ဟော်မုန်းရော ၊ မ မျိုးဉအိမ်က ဟော်မုန်းပါ အလုပ်လုပ်တာမျိုးပါ။ စစချင်း ရာသီလာကာအရွယ် (၁၂) နှစ်သမီးလောက်ကနေ ၂နှစ်၊ သုံးနှစ်အတွင်းမှာ ဟော်မုန်းတွေဟာ ညီမျှအောင် အလုပ်လုပ်နေရတဲ့ အချိန်ဖြစ်တာကြောင့် ရာသီမမှန်ဘူးဆိုရင်လည်း ဒါဟာဖြစ်တတ်တဲ့သဘာဝမို့ စိတ်ပူစရာမရှိပါဘူး။
ဘယ်လိုမျိုးကိုမှ ရာသီမမှန်ဘူးလို့သတ်မှတ်တာလဲ
ရာသီမမှန်တာမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ တစ်လအတွင်းမှာပဲ ရာသီခဏခဏလာနေတာ ၊ ရာသီက ပုံမှန်ထက်ပိုပြီး ရက်ကြာရှည်နေတာ ၊ ရာသီသွေးအများကြီးဆင်းတာ ၊ နှစ်လသုံးလနေမှ တစ်ခါလောက်လာတာ စတာတွေကို ရာသီမမှန်ဘူးလို့ သတ်မှတ်လို့ရပါတယ်။
ဘာကြောင့်ရာသီမမှန်ရတာလဲ
Photo: News Medical
ရာသီမမှန်ရတဲ့ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ စိတ်ဖိအားတွေ အရမ်းများလွန်းတာကြောင့် ရာသီမမှန်တတ်သလို ရောဂါကြောင့် ၊ ဟော်မုန်းမမျှတတာတွေကြောင့်လည်း ရာသီမမှန်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ထပ်အကြောင်းအရာတွေကတော့ အပြင်းအထန်ဝိတ်ချတာ ၊ အရမ်းဝလာတာ ၊ သွေးရောဂါ၊ လည်ပင်းကြီးရောဂါ ခံစားနေရတာ စတဲ့ အချက်တွေကြောင့်လည်း ရာသီမမှန်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီမမှန်တာ ၃လလောက် ဆက်တိုက်ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။
ရာသီမှန်သွားအောင် ဘယ်လိုကုစားရမလဲ
ရာသီမမှန်တာတွေကို သက်သာသွားအောင် ဘယ်လိုတွေ ကုစားရမလဲဆိုတာ မိန်းကလေးတိုင်းသိချင်ကြမှာပါ။ ရာသီမှန်သွားစေဖို့ ဆိုရင်
- စိတ်ဖိအားတွေများနေတာကို လျှော့ချပါ
-နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ (နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ပါ)
-တရားထိုင်ပါ
-အစားကို နည်းနည်း နဲ့ မကြာခဏစားပါ ( Healthy Diet )
-အငန်လျှော့စားပါ
-အရမ်းအဝမလွန်နေသူတွေအနေနဲ့ ဝိတ်လျှော့ချဖို့ အလွန်အမင်းကြိုးစားတာမျိုးရှောင်ပါ
-မိသားစု ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စိတ်ပြေလက်ပျောက်စကားပြောပါ
သတိပေးချင်တာတစ်ခုကတော့ တစ်လ ၊ နှစ်လလောက် ရာသီမမှန်ရုံနဲ့ စိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ဒီအချက်လေးကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာလာပြီး ရာသီတွေလည်း မှန်လာပါလိမ့်မယ်။
ရာသီသွေးမှန်လာပြီဆိုရင်တော့ အသားအရေတွေလည်း ဝင်းပစိုပြေလာပြီး ဆထက်ထမ်းပိုး အလှဆက်တိုးနေတော့မှာနော်။
သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြတ်မြတ်ဝါမှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။