ဂါရတ်ဘေးလ်ကတော့ ကျန်တာတွေတော်ပေမယ့် သီချင်းဆိုရင်တော့ အသံဆိုးတယ်လို့ အသင်းဖော်တွေကပြောခဲ့တာပါ။

ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ ဘောလုံးကန်တာအပြင် အခြားသော အားကစားနည်းတွေဖြစ်တဲ့ ဂေါ့ဖ်ရိုက်တာနဲ့ စားပွဲတင်တင်းနစ်ကစားတဲ့နေရာတွေမှာ ထူးချွန်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ သီချင်းဆိုတာဖြစ်ပြီး အဲ့ဒီနေရာမှာ လက်ရွေးစင်အသင်းဖော်တွေကတောင် သူတို့အသင်းခေါင်းဆောင်ကို ဝိုင်းလှောင်ခဲ့ရတာပါ။



ဂါရတ်ဘေးလ်ဟာ ဘောလုံးပြီးတဲ့နောက် ဂေါ့ဖ်ရိုက်တာကို တော်တော်လေး ဝါသနာထုံတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေရပြီး ဒါဟာ ဂေါ့ဖ်ရိုက်တာတွေနဲ့ သက်ဆိုင်တယ်လို့လည်း အချို့က စွပ်စွဲခဲ့ဖူးတာပါ။

ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ သူ့ရဲ့ဝါသနာကို စွန့်လွှတ်မှာမဟုတ်ဘဲ အားလပ်ချိန်တွေမှာ အမြဲတမ်း ဂေါဖ့်ရိုက်လေ့ရှိပါတယ်။ ဂါရတ်ဘေးလ် ဂေါ့ဖ်ရိုက်တာနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ကိစ္စတစ်ခုကတော့ ရီးရဲယ်မက်ဒရစ်မှာ ပုံမှန်နေရာမရရင်တောင် ဂေါ့ဖ်ရိုက်ရင်းနဲ့ လစာပုံမှန်ယူသွားမယ်လို့ ပြောခဲ့ဖူးတာပါ။

ဂါရတ်ဘေးလ်အနေနဲ့ ဒီည ဝေးလ်စ်နဲ့ ကစားမယ့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပွဲ (၁၀၀) ပြည့်ကို ဝင်ရောက်ကစားမှာပါ။ သူဟာ ဝေးလ်စ်လက်ရွေးစင်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် (၃၆) ဂိုးနဲ့ ရပ်တည်နေပါတယ်။ ဒီလိုမျိုး ဂါရတ်ဘေးလ်နဲ့ ပတ်သက်လို့ ဝေးလ်စ်အသင်းဖော်ဟောင်းတွေက အခုလိုပြောကြားခဲ့ဖူးပါတယ်။

ဂျိုးလက်ဒ်လေက “ဂါရတ်ဘေးလ်က ဘောလုံးကန်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာတို့မှာ တကယ့်ထိပ်တန်းကစားသမားပါ။ လက်ပစ်ဘောဆိုလည်း အဝေးကြီးပစ်နိုင်ပါတယ်။ သီချင်းဆိုတာကတော့ သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ သူ့အသံက ဟုတ်ကိုမဟုတ်တာဗျ” လို့ ပြောကြားခဲ့ပါတယ်။

ဂါရတ်ဘေးလ်နဲ့ ပတ်သက်လို့ ရောဘတ်အန်းရှောကလည်း “ဂါရတ်ဘေးလ် ဘာသီချင်းဆိုခဲ့လဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ့အသံက ပျမ်းမျှအဆင့်ပဲရှိပြီး သူ့သီချင်းလည်းပြီးရော ကျွန်တော်တို့ သူ့ကို ဝိုင်းလှောင်တော့တာပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က