ရခိုင်အစားအစာ ကို ကြိုက်နှစ်သက်လှတဲ့ စားသုံးသူတွေအတွက် " ကျောက်ဖြူ " ပင်လယ်စာ ရခိုင်ရိုးရာ ဆိုင်လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ " ကျောက်ဖြူ " ဆိုင်လေးရဲ့ သက်တမ်းလေးကတော့ ၁၅နှစ်ခန့် ရှိပြီးဖြစ်ပြီး အခုဆိုရင်တော့ စားသုံးသူတွေအကြား နာမည်ရလာနေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။ " ကျောက်ဖြူ " ဆိုင်လေးကိုအဆိုတော် ချယ်ရီသင်းက စျေးလည်းသင့်ပြီး အရသာလည်းရှိလို့ အားပေးဖြစ်အောင် အားပေးကြဖို့ ကိုလည်း Duwun Food ပရိသတ်တွေအတွက် ညွှန်းပေးခဲ့တာလည်းဖြစ်ပါတယ်။
ကျောက်ဖြူ ဆိုင်ဘယ်ကစ
Photo: ကျောက်ဖြူ Facebook Page
ကျောက်ဖြူဆိုင်လေးကိုတော့ ၂၀၀၆ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။ တောင်ဥက္ကလာပ သစ္စာလမ်းပေါ်မှာ လမ်းဘေး ရခိုင်ဆိုင်လေးအဖြစ် ဖွင့်လှစ်ခဲ့ရာက စားသုံးသူတွေ ရဲ့ တခဲနက် အားပေးမှုကြောင့် ပဲ အခုဆိုရင် ဆိုင်ကြီးအဖြစ် ခမ်းခမ်းနားနား ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ကားပါကင်အတွက်လည်း အဆင်ပြေသလို စျေးနှုန်း လည်းသင့်တင့်ပြီး အရသာရှိလှတာကြောင့် လည်း အားပေးမှုတွေက လျော့မသွားခဲ့ဘဲ ကျောက်ဖြူ ဆိုင်ကအခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်ပါတယ်။ အခုဆိုရင် တော့ ဆိုင်သက်တမ်းလေးက ၁၅နှစ်တောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်သူ/သားတွေကို ရခိုင်စာနဲ့မိတ်ဆက်ပေးခဲ့တဲ့ ကျောက်ဖြူ
ကျောက်ဖြူဆိုင် ဖွင့်စကာလက ရန်ကုန်မြို့ သူမြို့သားတော်တော်များများရခိုင်အစားအသောက်တွေနဲ့ ရင်းနှီးမှုမရှိကြ သေးဘူးလို့လည်းဆိုရမှာပါ။ ရခိုင်အစားအသောက်တွေကို စားလေ့ စားထ မရှိတဲ့ သူတွေကို ရခိုင်စာတွေနဲ့ ရင်းနှီးအောင်တော်တော် ကြိုးစားခဲ့ရတယ်လို့လည်းဆိုင်ပိုင်ရှင်က ပြောပြခဲ့ပါတယ်။ "အစ်မဆိုတော်တော်ကြိုးစားခဲ့ရတယ်။ အရသာကိုမကြိုက်ကြတာ။ ရခိုင်စာကို မစားတတ်ကြတဲ့သူတွေနဲ့ တော်တော်ကို စိတ်ပင်ပန်းပြီးကြိုးစားခဲ့ရတာ။ ဂုံးယောက်မသုပ်တို့၊ ရေဘဝဲသုပ်တို့ ပင်လယ်စာတွေဆိုတာ ဒီကလူတွေနဲ့သိပ်မရင်းနှီးကြဘူးဆိုတော့ အသုပ်တွေကိုအရသာရှိအောင် ကြိုးစားရတာ" လို့ကျောက်ဖြူဆိုင်ပိုင်ရှင် ဒေါ်ကြည်ကြည်သာက ဆိုပါတယ်။
ကျောက်ဖြူမှာ ၇၀၀၀ကျပ်နဲ့အဝစားနိုင်တယ်
ကျောက်ဖြူ ဆိုင်ရဲ့ ဈေးနှုန်းလေးတွေက သင့်တင့်ပြီး ဘတ်ဂျက်သမားတွေအတွက်လည်း အဆင်ပြေလှတဲ့ဆိုင် တစ်ဆိုင်ပါ။ မုန့်တီတစ်ပွဲ ၅ဝဝကျပ်က စပြီး သူ့ စျေးနှုန်းအလိုက် သင့်သင့်တင့်တင့်နဲ့အရသာ ရှိလှပါတယ်။ စားသုံးသူတွေဟာ ပင်လယ်စာ အ ထောင်းတွေ မဟုတ်ဘဲ ရိုးရိုးပုံမှန် ရခိုင်အစားအ သောက်တွေပဲ စားမယ်ဆိုရင်တော့ ငွေ ၅၀၀၀ လောက်နဲ့လူ ၃ ယောက်စာလောက် စားသုံးနိုင်မှာဖြစ်ပါတယ်။ "ချယ်ရီဆို ခ ပေါင်းကြော်၊ ရခိုင်မုန့်တီသုပ်တို့၊ ကြက်သောက်စမ်းတို့ တော်တော်ကောင်းတာ။အကုန်လုံး စားပြီးသွားရင် ငှက်ပျောပေါင်းတို့ သာကူကျို တို့ ကလည်းအရမ်းကောင်းတယ် စျေးလည်းတန်တယ်။ ချယ်တို့ ၃ ယောက်လောက် အဝစားတာတောင် ၇ ထောင်လောက်ပဲ ကျတယ်။ စျေးလည်းအရမ်းတန်တယ်" လို့ချယ်ရီသင်းက ညွှန်းပေးခဲ့ပါတယ်။
ကျောက်ဖြူရဲ့နာမည်ကြီးလက်ရာ ခပေါင်းသုပ်
ငှက်ပျောဖူးရဲ့ ဘေးအသားတွေကို ကြော်ပြီး အကြော်ပုံသဏ္ဍာန်လေး ပြုလုပ်ကာ ပြန်သုပ်ထားတာက တော့ ကြားသာကြားဖူးပြီး စားဖူးလေ့မရှိကြတဲ့ ခပေါင်းသုပ်ပါပဲ။ အရသာရှိလှတဲ့ ခပေါင်းသုပ်လေး ကို မြည်းစပ်ကြည့်ချင်တယ်ဆိုရင် တော့ တစ်ပွဲကို ငွေကျပ် တစ်ထောင်နဲ့ သာ ရောင်းချလျှှက်ရှိပြီး အရသာက တော့ရှယ်ပဲလို့ ပြောရမှာပါ။ မြန်မာအကြော်သုပ် အရသာတွေနဲ့ နီးနီးစပ်စပ် တူတာကြောင့်ရခိုင်အစားအစာ ကိုခံတွင်းမတွေ့လှတဲ့ စားသုံးသူတွေ အနေနဲ့ ခပေါင်းသုပ်ကို ဝယ်သူ အားပေးကြည့်ဖို့ လည်းလက်တို့လိုက်ပါရ စေ။
ကျောက်ဖြူ ဆိုင်ဟာ ရခိုုင်အစားအသောက် အမျိုးပေါင်း ၅၀ကျော်ရှိပြီး ဆိုင်သက်တမ်းဟာလည်း ၁၅နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ကျောက်ဖြူ-ရခိုင်မုန့်တီ လက်ညှစ်နဲ့ ပင်လယ်အစားအစာဆိုင်ကတော့ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းမ ပေါ် မှာတည်ရှိပြီး ပုဏ္ဏမီမှတ်တိုင်အနီးမှာပါ။