သာမန်လူတွေအနေနဲ့ ကြည့်လိုက်ရင် ဘာမှကြောက်စရာမဟုတ်တဲ့အရာတွေကို ကြောက်ကြတာပါ။

ကြောက်တဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ တစ်ချို့ကျတော့လည်း မျိုးရိုးလိုက်တာကြောင့် ဖြစ်တတ်သလို တစ်ချို့ကျတော့လည်း အဖြစ်အပျက်ဆိုးတစ်ခုခုကြောင့် ဖြစ်လာတဲ့ ကြောက်စိတ်ဆိုတာတွေ ရှိတတ်ကြပါတယ်။ ကြောက်တယ်လို့ ဆိုတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကြောက်တဲ့ပုံချင်းတော့ မတူပါဘူး။ ဒါပေမယ့် ဘာမှ အခြေအမြစ်မရှိဘဲ သာမန်လူတွေအတွက် ကြောက်စရာမဟုတ်တဲ့အရာကို ကိုယ်က ကြောက်စိတ်လွန်ကဲနေတာကိုတော့ Phobia လို့ ခေါ်ပါတယ်။

အကြောက်လွန်ရောဂါ (Phobia) ဘာကြောင့်ဖြစ်ရသလဲ

Photo: Healthline

တစ်ခုခုဆိုရင် ကြောက်စရာမဟုတ်တဲ့ အရာကို  ကိုယ်က အလွန်အမင်းအကြောက်လွန်နေတာက စိတ်အားနည်းလို့ စိတ်မကျန်းမာလို့ကြောင့် ဖြစ်တာမဟုတ်ပါဘူး။ တစ်ချို့ကျတော့ မျိုးရိုးလိုက်တာတွေ ကြောင့်ဖြစ်တတ်တတ်သလို တစ်ချို့တွေကျတော့လည်း ဦးနှောက်မှာတစ်ခုခုထိခိုက်မှုကြောင့် အမြင်ကိုဆုံးဖြတ်နိုင်စွမ်းအားနည်းသွားတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဖြစ်အပျက်ဆိုးတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာ ရသွားတာပဲ ဖြစ်ဖြစ်၊ အသက်ဘေးကြုံခဲ့ရတာမျိုးပဲ ဖြစ်ဖြစ် အဲဒါတွေကြောင့်လည်း Phobia ဆိုတဲ့ အကြောက်လွန်ကဲခြင်းဖြစ်တတ်ပါတယ်။

လူတွေမှာ အဖြစ်များတဲ့ အကြောက်လွန်ရောဂါတွေက ဘာတွေလဲ

Photo: University of Alberta

သာမန်လူတွေအနေနဲ့ ကြည့်လိုက်ရင် ဘာမှကြောက်စရာမဟုတ်တဲ့အရာတွေကို ကြောက်ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ကြောက်တတ်တဲ့အရာတွေကတော့ မတူပါဘူးး။ တစ်ချို့ကျတော့ အမြင့်ကြောက်တာ၊ အကောင်သေးသေးလေးတွေကို ကြောက်တာ ဥပမာ- ပင့်ကူ၊ အိမ်မြှောင်၊ တီကောင်၊ ဖားစသဖြင့် ကြောက်တာ၊ အပေါက်သေးသေးလေးတွေကို ဗြုပ်ထနေတာကို ကြည့်ပြီးကြောက်တာ၊ တစ်ချို့ကျတော့လည်း ထူးထူးဆန်းဆန်းအရာတွေကိုကြောက်တာ၊ အရာဝတ္ထုပစ္စည်းအကြီးကြီးတွေကို ကြောက်တာ ၊ တစ်ချို့ကျတော့ လူတွေကြားထဲသွားရမှာ၊ လူတွေနဲ့ စကားပြောရမှာ ကြောက်တာ စသဖြင့် ဒီလို အရာတွေမှာ ကြောက်စိတ်လွန်ကဲတတ်ကြတာပါ။

ဘယ်လိုလက္ခဏာတွေ ခံစားရတတ်လဲ

Photo: Psypost

အကြောက်လွန်ကဲစိတ်ရှိတဲ့သူတွေဟာ သူတို့ ကြောက်တဲ့ အရာကို ပြောရင်းနဲ့တောင် မျက်စိထဲမြင်ယောင်ပြီး ကြောက်တတ်ကြပါတယ်။ သူတို့ကြောက်တဲ့အရာနဲ့တွေ့တဲ့အခါ နှလုံးခုန်မြန်လာတာ၊ အသက်ရှုမဝတာ၊ ဇောချွေးတွေ ပြန်လာတာ၊ ပျို့အန်ချင်လာတာ၊ ကြက်သီးတွေ ထလာတာ၊ ခေါင်းတွေ ချာချာလည်မူးလာတာ စသဖြင့် ရှိတတ်ကြပါတယ်။ ကြောက်စိတ်ဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်တော့ ခံစားရပုံချင်း မတူနိုင်ပါဘူး။ သေချာတာကတော့ ဒီလို ကြောက်တဲ့စိတ်ဖြစ်လာတဲ့အခါ ကတုန်ကယင်ဖြစ်လာပြီး ဆောက်တည်ရာမရဘဲ တုန်လှုပ်သွားတတ်ပါတယ်။

အကြောက်လွန်တာက စိတ်ရောဂါလား

Photo: Scary Momy

ဒီလိုမျိုး သာမန်လူတိုင်းကြောက်စရာမဟုတ်တဲ့ အရာတွေကို ကိုယ်က ကြောက်စိတ်လွန်ကဲနေတယ်ဆိုပေမယ့်လည်း ဒါကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့ မဆိုနိုင်ပါဘူး။ ဒီလို ကြောက်စိတ်လွန်ကဲမှုကြောင့် ကိုယ့်နေ့စဥ် ဘဝကို ထိခိုက်လာတာ   ဥပမာ- Social Phobia လို့ခေါ်တဲ့ လူတွေကို အကြောက်လွန်တဲ့စိတ်ကြောင့်  အပြင်မထွက်နိုင်၊ အလုပ်လည်း သွားမလုပ်နိုင်၊  ထမင်းတောင် မစားနိုင်တော့လောက်အောင်မျိုး ကြောက်နေတယ်ဆိုပါက ဒါဟာ ကိုယ့်အတွက် မကောင်းတဲ့အခြေအနေ ရှိနေပြီဆိုတာကို သတိပြုပါ။ ဒီလို အခြေအနေမျိုးရောက်နေတယ်ဆိုရင်တော့ စိတ်ရောဂါဖြစ်တဲ့အဆင့်ကို ရောက်ရှိနိုင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

လူတိုင်းမှာ စိတ်အဆင်မပြေတဲ့အခြေအနေရှိနိုင်ပါတယ်

တစ်စုံတစ်ခုကို ကြောက်စိတ်လွန်ကဲတတ်တဲ့စိတ်ရှိပေမယ့်လည်း လုပ်စရာရှိတာ ဆက်လုပ်နိုင်သေးတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်တဲ့အဆင့်ကို မရောက်သေးပါဘူး။  လူတစ်ယောက်ချင်းစီမှာ ကိုယ်မကြိုက်တာ၊  ကိုယ့်စိတ်အဆင်မပြေတဲ့အခြေအနေက ရှိပြီးသားဖြစ်ပါတယ်။ ဒီလို ကြောက်စိတ်လွန်ကဲခြင်းက ကောင်းသလား ဆိုးသလားဆိုတာကတော့ ကိုယ်ဖြစ်တဲ့စိတ်ခံစားချက်ကြောင့် နေ့စဥ်ဘဝမှာ စွမ်းဆောင်နိုင်စွမ်းတွေ ထိခိုက်သလား မထိခိုက်ဘူးလားဆိုတာနဲ့ပဲ တိုင်းတာနိုင်ပါတယ်။ ကိုယ့်နေစဥ်ဘဝကို မထိခိုက်ပဲ ပုံမှန် အဆင်ပြေပြေနဲ့လည်ပတ်နိုင်သေးတယ်ဆိုရင်တော့ ဒီလို ကြောက်စိတ်လွန်ကဲမှုကို စိုးရိမ်စရာမလိုပါဘူး။

 သတင်းဆောင်းပါးပါအချက်အလက်များသည်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counsellor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က