နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားလ်က ဂေါ့ဖ်ကွင်းတွေမှာ အသုံးပြုတဲ့ ကားငယ်လေးကို စီးနင်းကာ သူ့အသင်းရဲ့လေ့ကျင့်ခန်း အစီအစဥ်တွေကို ကြည့်ရှုပေးခဲ့တယ်လို့ သိရှိရပါတယ်။ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဥ်တွေကတော့ အဆုံးသတ်ပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။
နယ်သာလန်ဟာ ဒီညမှာ နော်ဝေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရရှိဖို့အတွက်ဆိုရင်တော့ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် အသက် (၇၀) အရွယ် ဗန်ဟားလ်တစ်ယောက် မမျှော်လင့်ဘဲ စက်ဘီးမတော်တဆမှုဖြစ်ခဲ့တာကြောင့် ဝှီးချဲနဲ့ သွားလာနေရတာပါ။
လေ့ကျင့်ခန်း အစီအစဥ်တွေမှာလည်း ဗန်ဟားလ်က သာမန်အတိုင်းလှုပ်ရှားသွားလာနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီလေ့ကျင့်ခန်းအစီအစဥ်တွေကို လက်ထောက်နည်းပြတွေနဲ့ လွှဲအပ်ထားလို့ရပေမယ့် ဗန်ဟားလ်ကတော့ စိတ်မချဘဲ သူကိုယ်တိုင် အခုလိုမျိုး ဂေါ့ဖ်ကွင်းမှာ အသုံးပြုတဲ့ ကားလေးနဲ့ ကြပ်မတ်နေတာလည်းဖြစ်ပါတယ်။
ဗန်ဟားလ်ရဲ့ဘေးမှာ လူတစ်ယောက်က ဒီကားလေးကို လိုက်လံမောင်းနှင်ပေးနေပြီး ဗန်ဟားလ်ကတော့ သူအလိုရှိတဲ့နေရာကို မောင်းနှင်စေတာလည်းဖြစ်ပါတယ်။ နယ်သာလန်ဟာ မွန်တီနီဂရိုးနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ ဒီပိုင်းရဲ့သွင်းဂိုး (၂) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး (၂) ဂိုး ပြန်ပေးခဲ့ရတာကြောင့် ဒီည နော်ဝေနဲ့ပွဲမှာလည်း အမှားခံလို့မရတော့ပါဘူး။
နော်ဝေနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပရာ အခန်းထဲကိုဝင်တဲ့ ဝင်ပေါက်ကလည်း ဗန်ဟားလ်ရဲ့ ဝှီးချဲနဲ့ မဆံ့ဘဲ ကျဥ်းမြောင်းနေတာကြောင့် ဗန်ဟားလ်တစ်ယောက် ဒီသတင်းစာရှင်းလင်းပွဲကိုလည်း ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့်သာ ပြုလုပ်ပေးခဲ့ပါတယ်။ ဗန်ဟားလ်က “ကျနော့်ရဲ့ ခန္ဓာကိုယ်က ကောင်းသွားပြီလို့ မခံစားရသေးပါဘူး”
“ဒါပေမယ့် အနည်းဆုံးတော့ ကျနော့်ဦးနှောက်က အလုပ်လုပ်သေးတယ်လေ” လို့ ပြောကြားခဲ့သလို သတင်းထောက်က “ခင်ဗျား တော်တော်နာနေသေးလား” မေးချိန်မှာလည်း “ဒါပေါ့ဗျ။ အဲ့ဒါကြောင့် ကျနော် ဝှီးချဲပေါ် ထိုင်နေရတာပေါ့” လို့ ပြောကြားသွားခဲ့ပါသေးတယ်။