ဖရက်ဒ်ကတော့ ဘရာဇီးအတွက်ဆိုရင် အထူးခြေစွမ်းပြနေတာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရာဇီးနဲ့အာဂျင်တီးနားတို့ရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်မှာ ယူနိုက်တက်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုခံနေရတဲ့ ဖရက်ဒ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။



တောင်အမေရိကတိုက်ရဲ့ ထိပ်သီးနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ ဘရာဇီးက တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီးသည့်တိုင် အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ အာဂျင်တီးနားကလည်း ကာတာကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာ ဂဏန်းငြိမ်သွားခဲ့ပါပြီ။

ဒီပွဲနဲ့ပတ်သက်လို့ နောက်ထပ်ပြောစရာဖြစ်ခဲ့တာကတော့ ဖရက်ဒ်ရဲ့စွမ်းဆောင်မှုဖြစ်ခဲ့ပြီး ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်လောက်အောင် ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်လိုမျိုး ခြေစွမ်းပြခဲ့တာပါ။ ကွင်းထဲမှာ ဖရက်ဒ်က ပြိုင်ဘက်အသင်းခေါင်းဆောင် ကမ္ဘာကျော်မက်ဆီကိုပါ ကျော်လွန်ပြီး စွမ်းရည်အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

ဘရာဇီးဂျာစီကို ဝတ်လိုက်တိုင်း ခြေစွမ်းပြနေတဲ့ ဖရက်ဒ်က ဒီပွဲမှာလည်း မိနစ် (၉၀) လုံးလုံး အင်ပြည့်အားပြည့် ခြေစွမ်းပြကစားခဲ့ပြီး ဒီပွဲမှာလည်း ဘောလုံးယှဥ်လုတဲ့နေရာမှာ အောင်မြင်မှု (၁၆) ကြိမ်၊ ပြိုင်ဘက်ဆီက ဘောလုံးကို ဖျက်ထုတ်တဲ့နေရာမှာ (၈) ကြိမ်အထိ အောင်မြင်ခဲ့တာပါ။

ဒါ့အပြင် သူဟာ ဘောလုံးဆွဲပြေးမှု (၅) ကြိမ် ပြုလုပ်ခဲ့ရာမှာ (၄) ကြိမ် အောင်မြင်ခဲ့ပြီး ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၅၉) မိနစ်မှာ ဖရက်ဒ်ရဲ့ ညာခြေနဲ့ လှပတဲ့မြေမကျကန်ချက်က ဂိုးတိုင်ထိထွက်ခဲ့တာကြောင့် ဖရက်ဒ်အတွက်ရော၊ ဘရာဇီးအတွက်ရော နစ်နာခဲ့ရတာပါ။

ဖရက်ဒ်ဟာ ဘရာဇီးမှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားရလေ့ရှိပြီး ဒါက သူ့အတွက် သင့်တော်တဲ့ကစားပုံလို့ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာလည်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာတော့ သူ့ရဲ့ခြေစွမ်းက ဒုံရင်းအတိုင်းဖြစ်ပြီး အမှားပေါင်းများစွာနဲ့ သံသရာလည်နေဆဲပါ။ နည်းပြဆိုးလ်ရှားကတော့ ဖရက်ဒ်ကို ခိုင်ခိုင်မာမာကာကွယ်ပေးနေဆဲဖြစ်ပြီး ဖရက်ဒ်တစ်ယောက် ဘယ်တော့များမှ ယူနိုက်တက်အတွက် ဘရာဇီးကလို ခြေစွမ်းမျိုး ပြသနိုင်မလဲ ယူနိုက်တက်ပရိသတ်တွေ လည်ပင်းရှည်အောင် စောင့်ဆိုင်းရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က