လူကြောက်တတ်တဲ့စိတ်ကြောင့် ကိုယ့်ဘဝအတွက် အထိအခိုက်ဖြစ်စေတယ်။

တစ်ချို့ လူတွေမှာ လူတွေ အများကြီးနဲ့စကားပြောရမှာကို ကြောက်တာ၊ လူတွေအများကြီးကြားထဲ မသွားချင်၊ မနေချင်တဲ့ စိတ်မျိုးတွေ ရှိတတ်ပါတယ်။ ဒါကို Social Phobia လို့ ခေါ်ပါတယ်။ အခုလို လူကြောက်တတ်တဲ့ ရောဂါကြောင့် ကိုယ့်နေစဥ်ဘဝကို မထိခိုက်သေးဘူးဆိုပါက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုတော့မဟုတ်ပါဘူး။  အဲဒီလိုလူကြောက်တဲ့  ရောဂါက ဘာကြောင့် ဖြစ်ရတာလဲ။ လူကြောက်တတ်တဲ့ ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်ကုစားယူသင့်သလဲဆိုတာ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

လူကြောက်တတ်တဲ့ ရောဂါဘာကြောင့်ဖြစ်ရတာလဲ

Photo: MedicineNet

လူကြောက်တယ်ဆိုတာ စိတ်ပူပန်မှုဖြစ်စေတတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး  လူတွေကြားထဲမှာနေရတာက ကိုယ့်အတွက် မသက်မသာဖြစ်တယ်လို့ခံစားရစေပါတယ်။ ဒီလိုမျိုးလူကြောက်တတ်တဲ့ ရောဂါက အခြေအနေအကြောင်းအမျိုးမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။

အတွေ့အကြုံအားနည်းတာ

လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံတဲ့ အတွေ့အကြုံမရှိတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးစေတာကလည်း လူကြောက်တာကို ဖြစ်စေတတ်တဲ့အကြောင်းရင်းတစ်ခုပါ။ 

စိတ်ဒဏ်ရာရခဲ့ဖူးတာ

လူတွေအများကြီးကြောင့် စိတ်ဒဏ်ရာရခဲ့ဖူးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ- လူတွေ အများကြီးစုတဲ့နေရာမှာ မီးဘေးကြုံတာ၊ ဗုံးပေါက်တာစတဲ့ အသက်အန္တရာယ် ဖြစ်စေတာမျိုး ကြုံ ရ တဲ့အခါမှာ စိတ်ဒဏ်ရာတစ်ခုလိုဖြစ်သွားပါတယ်။ လူအများကြီး ရှိတဲ့နေရာသွားရင် ငါဒါမျိုးဖြစ်မလားဆိုပြီးတော့ ပြန်မြင်ယောင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

အပြစ်တင်တဲ့မိသားစုအသိုင်းအဝိုင်းမှာကြီးပြင်းခဲ့တာ

Photo: knot9

အသိုင်းအဝိုင်းက ကိုယ့်ကိုအမြဲတမ်းအပြစ်တင်တာမျိုး ကြုံခဲ့ရသူအဖို့မှာလည်း  လူကြောက်တတ်တဲ့ စိတ်ဆိုတာ ရှိတတ်ပါတယ်။ ဥပမာ- မိသားစုထဲမှာဆို ကိုယ့်ကိုစောင့်ကြည့်ပြီး နည်းနည်းလေးမှားတာနဲ့ အပြစ်တင်ချင်တဲ့ အသိုင်းအဝိုင်းကနေ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်က လူကြောက်တတ်တဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။  ကြီးပြင်းလာတဲ့အခါ လူရှေ့ကို သွားဖို့ မဝံ့မရဲဖြစ်လာတာ၊ အပြစ်တင်ကဲ့ရဲ့ခံရမှာကို  ကြောက်တဲ့အခါမျိုးတွေကြောင့် လူကြောက်တတ်တဲ့စိတ်က ကြီးထွားလာစေပါတယ်။

လူကြောက်တတ်တဲ့ ရောဂါကို ဘယ်လိုရင်ဆိုင်မလဲ

လူကြောက်တတ်တဲ့စိတ်ကြောင့် ကိုယ့်ဘဝအတွက် အထိအခိုက်ဖြစ်စေတယ်။ လူကြားထဲသွား ရင်လည်း ရင်တွေအရမ်းတုန်တယ်။ ချွေးစေးတွေ ပြန်လာတယ်။ လူတွေက ကိုယ့်ကို အပြစ်တင်မှာလည်း ကြောက်တယ်ဆိုရင်တော့ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းပါ။

ကြိုတင်ပြင်ဆင်ပါ

ကိုယ်က လူရှေ့ကို မဖြစ်မနေ  ထွက်ရမယ်ဆိုပါက ကြိုပြီးပြင်ဆင်ပါ။  ဥပမာ- ကိုယ်က လူအယောက် ၁၀၀ နဲ့ တွေ့ရမယ့်ပွဲကို သွားရမယ်။ စကားပြောရမယ်။ Presentation လုပ်ရမယ်ဆိုပါက အယောက် ၁၀၀ နဲ့မတွေ့ခင်  ၅ ယောက် ၆ ယောက်လောက် ကို အရင်တွေ့ ပါ။ စကားပြောပါ။  လူတွေအများကြီး နဲ့ မပြောခင် ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ  ရှေ့မှာ တစ်ခေါက်လေ့ကျင့်ပါ။  ဒါမှမဟုတ်လည်း ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းမှန်နဲ့ အရင်ပြောကြည့်တာမျိုးလုပ်ပါ။  ပွဲမဝင်ခင်အပြင်က ကျင်းပဆိုတဲ့စကားအတိုင်း ကိုယ့်ကိုယ်ကိုယ် အခေါက်အခါအခါ အရင်ကျင့်ပြီးတော့မှ လူအများကြီးရှေ့ကို သွားတာမျိုးလုပ်လို့ရပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်။

အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ

လူ‌တွေအများကြီးရှေ့ ကို‌ ရောက်လာလို့ ရင်တွေတုန်သလို ဖြစ်လာပြီဆိုတာနဲ့ အမြန်ဆုံးသက်သာအောင် လုပ်လို့ ရတာကတော့ အသက်ရှုလေ့ကျင့်ခန်းဖြစ်ပါတယ်။ အသက်ရှုသွင်းရှုထုတ်လေ့ကျင့်ခန်းလေးကို လူ‌ရှေ့ ထွက်ခါနီးမှာ လေ့ကျင်တာမျိုးလေးတွေ လုပ်လို့ရပါတယ်။ 

စိတ်တည်ငြိမ်စေမယ့်အရာတွေကို နေ့စဥ်လေ့ကျင့်ပါ

Photo: Lakeview Health

ကိုယ့်စိတ်ကိုတည်ငြိမ်စေမယ့် အရာတွေကို နေ့စဥ်ဘဝမှာလုပ်ပါ။ လူအများကြီးနဲ့တွေ့တော့မှ ကိုယ့်စိတ်ကို တည်ငြိမ်စေမယ့်နည်းလမ်းတွေကို လုပ်မယ်ဆိုတာထက် အစကတည်းက  နေ့စဥ်ဘဝမှာ စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းလေးတွေလုပ်တာ၊ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်လို့ ရနိုင်ပါတယ်။

ကြောက်တတ်တဲ့စိတ်ကို လုံးဝဖယ်နိုင်ဖို့ ဆိုတာထက် ကိုယ့်ကို ယုံကြည်မှု ရစေတဲ့ ကြိုတင်ပြင်ဆင်မှု၊ ကိုယ့်စိတ်ကို တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ထားတယ်ဆိုပါက လူတွေ ကြား‌ရောက်တဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများ လျှော့ချနိုင်မှာဖြစ်ပါတယ်။ 

အခြေအနေဆိုးလာပါက ပညာရှင် အကူအညီရယူပါ

အခုဖော်ပြထားတဲ့ နည်းလမ်းတွေ လုပ်ပေမယ့်လည်း ဒီလိုလူကြောက်တတ်တဲ့စိတ်ကြောင့် ကိုယ့်နေစဥ်ဘဝကို ထိခိုက်နေတယ်။ ကိုယ်တိုးတက်ရမယ့် အရာလေးတွေကို မလုပ်နိုင်တော့ဘူး ဆိုတဲ့ အခြေအနေလောက်ထိ ဆိုးနေပြီဆိုရင်တော့ စိတ်ကျန်းမာ‌ရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက်တွေ ရယူပါ။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က