ဆိုးလ်ရှားက သူ့အမှားအတွက် တောင်းပန်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ ကစားသမားတွေမှာပါ အပြစ်ရှိကြောင်းဆိုခဲ့တာပါ။

တန်းတက်ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တဲ့နောက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ရာထူးကတော့ ချောက်ကမ်းပါးအစွန်းကို ရောက်သွားခဲ့ပါပြီ။ ဒီရှုံးပွဲဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၇) ပွဲမှာ (၅) ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။



ယူနိုက်တက်ဟာ ပွဲကစားချိန်အစောပိုင်းတည်းက တော်တော်လေးပုံစံပျက်နေခဲ့ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီဖြစ်ရပ်မှာ အငြင်းပွားစရာတွေနဲ့ နှစ်ခါပြန်ကန်ခဲ့ရပေမယ့် ဒီနှစ်ခါလုံးကို ဂိုးသမား ဒီဂီယာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းမှာတင် ဂျိုရှူအာကင်း၊ အစ္စမေလ်ဆားလ်တို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်း လူစားဝင်ကစားသမား ဗန်ဒီဘိခ်ရဲ့ချေပဂိုးရရှိခဲ့ပေမယ့် ဒုတိယချေပဂိုးရဖို့ ကြိုးစားနေချိန်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းရားကိုယ်တိုင်က အမှားကျူးလွန်ခဲ့ပြီး နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

အဲ့ဒီနောက် ပွဲပြီးဆုံးခါနီး မိနစ်တွေမှာ ယူနိုက်တက် ခံစစ်ပိုင်း လုံးဝပွင့်ထွက်သွားခဲ့ပြီး ယာအိုပတ်ဒရို၊ ဒန်းနစ်တို့က ဝက်ဖို့ဒ်အတွက် အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ဝက်ဖို့ဒ်က ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီရှုံးပွဲဟာ ပရိသတ်တွေအတွက်တော့ ဘယ်လိုမှလက်မခံနိုင်စရာဖြစ်ပြီး အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေက လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေရှိရာ ပွဲကြည့်စင်ကို ကစားသမားတွေနဲ့ နည်းပြဆိုးလ်ရှားတို့ သွားရောက်နှုတ်ဆက်ခဲ့ပြီး ဆိုးလ်ရှားက တောင်းပန်ကြောင်း ပြသခဲ့ချိန်မှာ ဆိုးလ်ရှားကို ပရိသတ်အချို့က အော်ဟစ်လှောင်ပြောင်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ယူနိုက်တက် ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ နောက်ကနေပြီး နည်းပြကိုပဲ အပြစ်မတင်ဖို့နဲ့ ကစားသမားတွေအားလုံးမှာလည်း အပြစ်ရှိကြောင်း လက်ဟန်ခြေဟန်နဲ့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆိုးလ်ရှားအတွက်ကတော့ ဒီပွဲဟာ သူ့အတွက် ယူနိုက်တက်နည်းပြဘဝ နောက်ဆုံးပွဲဖြစ်လာနိုင်ပြီး ရလဒ်ဆိုးတွေနဲ့အတူ နှုတ်ဆက်ရဖို့တော့ တော်တော်လေး နီးစပ်လာပြီလို့ဆိုရမှာပါ။ 

Share

က္က