ဒီကနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ မနက်အစောပိုင်းက မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားကို ဘုရားဖူးသွားတဲ့ စက်လှေတိမ်းမှောက်ရာမှ အလောင်း (၁၄) လောင်း ဆယ်ယူရထားရှိတယ်လို့ သိရပါတယ်။
Photo: Aung Myint Myat
ရေနဲ့မျောပါသွားတဲ့သူဦးရေကို လက်ရှိအချိန်ထိ အတိအကျမသိရသေးပေမယ့် မနက် (၁၁)နာရီအချိန်ထိ သေဆုံးအလောင်း (၁၄)လောင်းနဲ့ အသက်ရှက်လျှက် ပြန်ကယ်တင်နိုင်သူ (၁၅)ဦးရှိတယ်လို့ သိရပါတယ်။ “ဘုရားဖူးပြည်သူတွေအရမ်းများပြီးဖြစ်သွားတာ။ လှေနဲ့သွားတဲ့ ဘုရားဖူးပြည်သူတွေ ပါတဲ့ လှေတစ်စီးမှောက်တာကနေ နတ်လမ်းပေါ်ကလမ်းလျှောက်သွားကြတဲ့ သူတွေက တစ်ဦးနဲ့တစ်ဦး မှီရာလှမ်းဆွဲကြရင်း ရေစီးနဲ့မျောပါကုန်တာ။ ခုချိန်ထိ ဘယ်နှစ်ဦးလဲဆိုတာအတိအကျမသိရသေးဘူး။ ခန့်မှန်းခြေ (၃၀) ကျော်လောက်တော့ရှိတယ်ပြောကြတယ်။ ကယ်ဆယ်ရတဲ့သူတွေကို မိသားစုဝင်တွေ လာကြည့်မှ ဘယ်သူဘယ်ဝါဆိုတာသိကြတာ။ အခုထိတော့ ရှာဖွေရေးတွေဆက်လုပ်နေတယ်”လို့ သွားရောက်ကူညီဆောင်ရွက်နေတဲ့ ပိုင်ရှင်မဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အလောင်း (၁၄)လောင်းထဲမှာ သံဃာတစ်ပါးပါဝင်တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သံဖြူဇရပ်ပြည်သူ့ဆေးရုံကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။
Photo: Aung Myint Myat
ကျိုက်နဲရေလယ်ဘုရားဟာ တစ်နှစ်မှတစ်ခါ နတ်လမ်းပေါ်တာကြောင့် ဒီချိန်ကာလမှာ နှစ်တိုင်းဘုရားဖူးပြည်သူတွေနဲ့ စည်ကားတယ်လို့သိရပါတယ်။ ယခုဖြစ်စဉ်မှာလည်း ဘုရားဖူးသူတွေ အရမ်းများသလို လှေမှောက်ရာကနေ လူအများကြားက တစ်ဦးနဲ့တစ်ဦးတိုးဝှေ့ကယ်ဆယ်ကြရင်း အခုလိုဖြစ်ပွါးခဲ့တာပါတယ်။ လက်ရှိအချိန် မနက် (၁၁)နာရီအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ကျိုက်နဲ ရေလယ် ဘုရားကို နှစ်စဥ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်နေ့ကနေ လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပပါတယ်။