ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းနည်းပြ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီဖြစ်တဲ့ ဆိုးလ်ရှားကို သူ့ရဲ့တွစ်တာကတစ်ဆင့် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ တန်းတက်ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ ဆိုးလ်ရှားတစ်ယောက် (၂၄) နာရီအတွင်းမှာတင် အထုတ်ခံခဲ့ရတာပါ။
(၂၀၁၈) မှာ မော်ရင်ဟိုကို ရာထူးကထုတ်ပယ်ပြီးနောက် ဆိုးလ်ရှားက ယာယီနည်းပြအဖြစ် အသင်းကို ရောက်ရှိလာခဲ့ပြီး ယာယီနည်းပြဘဝမှာ နိုင်ပွဲဆက်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း PSG ကိုအဝေးကွင်းမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာကြောင့် အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဒီရာသီ ဆိုးလ်ရှားလက်ထက် ယူနိုက်တက်က အစောပိုင်းမှာ ပုံစံကောင်းပြသနိုင်သလိုရှိခဲ့ပေမယ့် ဗီလာကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ပွဲကစလို့ ပုံစံပျက်သွားခဲ့ပြီး အဲ့ဒီပွဲအပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၅) ပွဲအထိ ရှုံးနိမ့်ကာ (၁) ပွဲနိုင်၊ (၁) ပွဲသရေသာရရှိခဲ့ပါတယ်။
ဒါပေမယ့် ဆိုးလ်ရှားအနေနဲ့ ဖာဂူဆန်ခေတ်လွန် ယူနိုက်တက်မှာ သက်တမ်းအရှည်ဆုံး နည်းပြတစ်ယောက်ဖြစ်ခဲ့သည့်တိုင် ဆုဖလားလည်း တစ်လုံးမှမရရှိခဲ့ဘဲ လက်ရှိအချိန်မှာတော့ အခုလိုပဲ လမ်းခွဲခဲ့ရတာပါ။ ဆိုးလ်ရှား အခုလို ထုတ်ပယ်ခံခဲ့ရချိန်မှာတော့ ယူနိုက်တက်မှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီနဗီးလ်က အခုလိုပဲ နှုတ်ဆက်ခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က “ကျေးဇူးပါ အိုလီ (ဆိုးလ်ရှား) ရေ။ မင်းက ငါတို့ကို ဂုဏ်ယူရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ နောက်ဆုံး (၂) လကတော့ အရမ်းကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် မင်းက အသင်းအတွက် လိုအပ်နေတဲ့ ဝိညာဥ်တချို့ကို အသင်းအတွက် ပြန်လည် ယူဆောင်ပေးနိုင်ခဲ့ပါတယ်” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဂန္တဝင်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်း၊ ဖာဒီနန်၊ ပေါလ်စခိုးလ်တို့ဟာ ဆိုးလ်ရှားမတိုင်ခင် ရောက်လာသမျှနည်းပြတိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသူတွေပါ။ ဒါပေမယ့် ဆိုးလ်ရှားလက်ထက် ရလဒ်တွေဆိုးနေချိန်မှာတောင် သိသိသာသာ ဝေဖန်ခဲ့တာမျိုးမရှိတာကြောင့် လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါကတော့ အသင်းဖော်အချင်းချင်း ဘက်လိုက်ပြီး မဝေဖန်ကြဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။