ဒါးကမြို့ကို ဒေါ်စာမဝက်အူချောင်းနဲ့ ယှဥ်တွဲပြီးသိကြသလို ဒီမြို့မှာ နေထိုင်ကြသူ အချို့ကလည်း ဒေါ်စာမဝက်အူချောင်းကဲ့သို ဝက်အူချောင်းထုတ်လုပ်တဲ့ လုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ကြပါတယ်။

ချောင်းသာ၊ငွေဆောင် စတဲ့ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကို အလည်အပတ်သွားပြီဆိုရင် အပြန်လက်ဆောင် အဖြစ် ဝက်အူချောင်းတွေ ဝယ်ယူလေ့ရှိကြပါတယ်။ အဲဒီ ဝက်အူချောင်းကတော့ ဒေါ်စာမ ဝက်အူချောင်းပဲ ဖြစ်ပါတယ်။ ဒေါ်စာမ ဝက်အူချောင်း ဘယ်ဒေသက အစပြုတာလဲ ။ အခုချိန်ထိတိုင်အောင် စားသုံးသူတွေဘာကြောင့် အကြိုက်တွေ့စေတာလဲ ဆိုတာ Duwun ကနေ ဖော်ပြပေးသွားမှာပါ။



‌ဒေါ်စာမဝက်အူချောင်းစတင်ရာ ဒါးကမြို့လေး

Photo: Duwun14

ဒေါ်စာမ ဝက်အူချောင်းဆိုတာ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်အတွင်းက ဒါးကဆိုတဲ့ ရွာလေးကနေ အစပြုခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်လောက်ကတည်းက ဒါးက ရွာမှာ နေထိုင်တဲ့ ဒေါ်စာမဆိုတဲ့ အမျိုးသမီးကြီးက စတင်ရောင်းချခဲ့တာလို့ သိရပါတယ်။အခုတော့ ဒေါ်စာမ ဝက်အူချောင်းလည်း နာမည်ကျော်ကြားလာသလို ဒါးကဆိုတဲ့ ရွာလေးကလည်း မြို့ငယ်လေးတစ်မြို့ ဖြစ်လာခဲ့ပါပြီ။

ဒေါ်စာမဝက်အူချောင်းလို့ ဘာကြောင့်အမည်တွင်သလဲ 

ဟိုးယခင် ခေတ်အခါက မိခင်ဖြစ်သူ ဒေါ်စာမဆိုသူက ပုသိမ်နဲ့ဟင်္သာတကို သွားတဲ့ ရထားတွဲမှာ ဝက်အူချောင်းတွေ စတင်ရောင်းချခဲ့ရာ စားသုံးသူတွေက “ဒေါ်စာမ ဒေါ်စာမ “ လို့ ခေါ်ပြီးဝယ်စားကြရာကနေ ဒေါ်စာမ ဝက်အူချောင်းလို့ အမည်တွင်ခဲ့တယ်လို့ သားဖြစ်သူ ဦးတင်ဦးက Duwun ကိုပြောပါတယ်။

မိရိုးဖလာလုပ်ငန်းဖြစ်လာတဲ့ ဒေါ်စာမဝက်အူချောင်း

ရထားတွဲမှာ စပြီးရောင်းချခဲ့တဲ့ဒေါ်စာမဝက်အူချောင်းဟာ အခုဆို သားလက်ထက်၊ မြေးလက်ထက်အထိ လက်ဆင့်ကမ်းရောင်းချနေဆဲဖြစ်ပါတယ်။ မိခင်လက်ထက်က တပိုင်တနိုင် လုပ်လာခဲ့တဲ့ ဝက်အူချောင်းလုပ်ငန်းဟာ သားဖြစ်သူ ဦးတင်ဦးလက်ထက်မှာတော့ အလုပ်ရုံတစ်ခုဖွင့်လှစ်ကာ ထုတ်လုပ်ရတဲ့ လုပ်ငန်းတစ်ခုသဖွယ်ဖြစ်လာခဲ့ပါတယ်။

ဒေါ်စာမဝက်အူချောင်း ဘယ်လိုထုတ်လုပ်သလဲ

Photo: Duwun14

အရင်ဆုံးဝက်သားတုံးကို အခွံ၊ အရိုးတို့ကို သန့်စင်ပြီး လှီးတဲ့စက်ထဲ ထည့်ပြီး ဆလင်ဒါနဲ့ ဖိနှပ်တဲ့အခါ ဝက်သားတွေ ချေပြီးသားဖြစ်သွားပါတယ်။ ဒုတိယအဆင့်အနေနဲ့ ရလာတဲ့ အသားတွေကို သွပ်ရပါတယ်။ ပြီးရင် ဝက်အူချောင်းအလုံးသေးသေးလေးတွေ ဖြစ်အောင် စက်နဲ့ ပြန်ချည်ရပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဝက်အူချောင်းအလုံးသေး အတွဲလိုက်တွေကို ကင်ရပါတယ်။ တစ်ကင်ကို (၂၅) မိနစ်လောက်ကင်ရပါတယ်။ ကင်ပြီးရလာတဲ့ ဝက်အူချောင်းလေးတွေကို အဆင်သင့်စားနိုင်အောင် ဒါမှမဟုတ် အိမ်မှာ ပြန်ကြော်စားချင်တဲ့သူတွေအတွက် ပါကင်တွေ အဆင့်ဆင့်ထုတ်လုပ်ကာ ရောင်းချပေးနေတာပါ။

ဒေါ်စာမ ဝက်အူချောင်း ဘာကြောင့်စားကောင်းသလဲ 

ဒေါ်စာမ ဝက်အူချောင်းကို စားလိုက်တဲ့အခါ ဝက်သားရဲ့ အရသာကို ပြည့်ပြည့်ဝဝခံစားရစေတဲ့အတွက် စားဖူးသူတိုင်းကြိုက်နှစ်သက်တဲ့ ဝက်အူချောင်းအဖြစ် ရပ်တည်နိုင်နေဆဲဖြစ်ပါတယ်။ ဝက်အူချောင်း ရဲ့ အရသာ ကောင်းမွန်မှုရဲ့ အဓိက လျှို့ဝှက်ချက်က တာရှည်ခံ ယမ်းစိမ်း မပါတာကြောင့်လို့ လက်ရှိမှာ ဒေါ်စာမဝက်အူချောင်း ထုတ်လုပ်ရောင်းချနေတဲ့ သားဖြစ်သူ ဦးတင်ဦးကရှင်းပြပါတယ်။

ဒါးကမြို့ကို နာမည်ကျော်စေတဲ့ ဒေါ်စာမဝက်အူချောင်း

Photo: Duwun14

ဒါးကမြို့ကို ဒေါ်စာမဝက်အူချောင်းနဲ့ ယှဥ်တွဲပြီးသိကြသလို ဒီမြို့မှာ နေထိုင်ကြသူ အချို့ကလည်း ဒေါ်စာမဝက်အူချောင်းကဲ့သို ဝက်အူချောင်းထုတ်လုပ်တဲ့ လုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ကြပါတယ်။ ကမ်းခြေကို အလည်အပတ်လာသူတိုင်း ဒါးကမြို့ကို ရောက်ပြီဆို ဒေါ်စာမဝက်အူချောင်းကို လက်ဆောင်အဖြစ်ဝယ်ယူကြတာကလည်း ဒါးကမြို့ရဲ့ ထူးခြားတဲ့ မှတ်တိုင်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒေါ်စာမ ဝက်အူချောင်းဘယ်မှာ ဝယ်လို့ရလဲ

ဒေါ်စာမဝက်အူချောင်းကိုတော့ ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်က ဒါးကမြို့ စျေးထိပ်ရှိ ပင်ရင်းဆိုင်မှာ ဝယ်ယူရရှိနိုင်သလို ပုသိမ်မြို့ အနီးတဝိုက်မှာလည်း ဝယ်ယူစားသုံးနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ကမာရွတ်မြို့နယ်၊ လှည်းတန်းဗဟိုလမ်းမပေါ်နဲ့ စမ်းချောင်းမြို့နယ် ဖျာပုံလမ်းတို့မှာ ဆိုင်ဖွင့်လှစ်ရောင်းချပေးနေတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က