ဘာစီလိုနာ နည်းပြသစ် ဇာဗီရဲ့ နူးကမ့်က ပထမဆုံးပွဲကို ကြည့်ရှုနေချိန်မှာ အန်ဆူ ဖာတီရဲ့နေအိမ်ဟာ ဖောက်ထွင်းခံခဲ့ရပြီး ပိုက်ဆံ၊ အဖိုးတန်နာရီတွေနဲ့ အခြား လက်ဝတ်ရတနာတွေ ခိုးယူခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဘာစီလိုနာ ဆယ်ကျော်သက်ကစားသမား အန်ဆူ ဖာတီက ပြီးခဲ့တဲ့ စနေနေ့ညက ဘာစီလိုနာအသင်းက အက်စ်ပန်ညိုအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ဒဏ်ရာရရှိနေပေမယ့်လည်း ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး နည်းပြသစ် ဇာဗီရဲ့ နူးကမ့်မှာ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ပွဲစဉ်လည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ Sport ရဲ့ ဖော်ပြချက်အရ သူခိုးတစ်အုပ်ဟာ ဘာစီလိုနာမြို့ မြောက်ဘက်ပိုင်းက မြို့ငယ်လေးဖြစ်တဲ့ ဆန် ကူဂါမြို့က အသက် ၁၉ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်ရဲ့ နေအိမ်ကို ဖောက်ထွင်းခဲ့ကြပြီး အဲဒီအချိန်မှာ ဖာတီရဲ့မိသားစုအချို့ဟာ အောက်ထပ်မှာ ရှိနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ဆိုခဲ့ပြီးနောက် တာဝန်ကျတဲ့ ရဲအရာရှိက ဘယ်သူခိုးတစ်ယောက်မှ မတွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ဘာစီလိုနာကြယ်ပွင့်ကတော့ ၎င်းရဲ့ ငွေကြေး၊ နာရီတွေနဲ့ တခြား လက်ဝတ်ရတနာတွေ ခိုးယူခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖာတီဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်မီ ဆယ်လ်တာ ဗီဂိုအသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ပွဲစဉ်တွေကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုနေရတာဖြစ်ပါတယ်။
စပိန်လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့စက်တင်ဘာလကမှ တစ်နှစ်နီးပါး လွဲချော်ခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့သူဖြစ်ပြီး နည်းပြသစ် ဇာဗီဟာ ၎င်းရဲ့ ကျောနံပါတ် ၁၀ အသစ် မပါဝင်ဘဲ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပေမယ့်လည်း လွယ်လွယ်ကူကူတော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မန်းဖစ် ဒီပိုင်းသွင်းယူခဲ့တဲ့ အငြင်းပွားဖွယ် ပင်နယ်တီကြောင့်သာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကာတာကလပ် အယ်လ်-ဆတ်ဒ်ကနေ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ နည်းပြဇာဗီကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပေမယ့် တိုးတက်အောင် လုပ်ရမယ့်နေရာတွေရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ ရှုံးနိမ့်လိုက်ရသလိုပါပဲ။ အရမ်းကို ရှုပ်ထွေးတဲ့ ဒါဘီဆိုတာ ရှင်းလင်းပါတယ်။ သူတို့တွေက အရမ်းကောင်းတဲ့အသင်းပါ။ အရမ်း စုစုစည်းစည်းရှိကြပြီး သူတို့ကို ဖြိုခွဲဖို့ဆိုတာ ခက်ပါတယ်။ ကျွန်တော်တို့ တကယ်ကို ရုန်းကန်ပြီး လုပ်ခဲ့ရပါတယ်။ ခုမှ အစောပိုင်းရက်တွေပဲ ရှိသေးပြီး ကျွန်တော်တို့ တိုးတက်အောင်လုပ်နိုင်တဲ့အရာတွေ ရှိနေပါတယ်။ ကစားသမားတွေရဲ့ စိတ်သဘောထားခံယူချက်နဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပေမယ့် သူတို့ အရမ်းရှင်းလင်းပြတ်သားတဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။