လမ်းမတော်မြို့နယ်မှာဆိုရင် မသိသူမရှိ ၊ လက်ရာကောင်းပြီး ပြိုင်စံရှားလောက်အောင် ပရိသတ်အားပေးမှုတွေ ရထားတဲ့ ဦးရှင်း ရဲ့ ရွှေရင်အေး အကြောင်းလေးကို ဒီတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ရွှေရင်အေး တစ်ပွဲကို ငွေ(၈)ကျပ် ခေတ်ကတည်းကရောင်းခဲ့တာဖြစ်ပြီး မိသားစုစားဝတ်နေရေးကိုလည်း ဒီရွှေရင်အေး ရောင်းပြီး ဖြေရှင်းခဲ့တာလို့ သိရပါတယ်။
ဦးရှင်း ရွှေရင်အေးရောင်းခဲ့တဲ့ သက်တမ်း
ကျွန်တော်က ရွာကနေ ရန်ကုန်ကို တက်လာတဲ့ အချိန်ကတည်းက ဒီ ရွှေရင်အေးကို စရောင်းခဲ့တာပါ။ ၁၉၉၀ ခုနှစ် ဝန်းကျင်ပေါ့ဗျာ။ တစ်ပွဲကို (၈) ကျပ်၊ (၁၄) ကျပ်၊ (၂၀)ကျပ်ဆိုပြီးတော့ ကုန်စျေးနှုန်းကို လိုက်ပြီး ပြောင်းလဲရောင်းချရတာပေါ့။ အခုဆိုရင် နှစ် (၃၀) ကျော်လာပါပြီ။ ဦး ရောင်းနေတဲ့ သက်တမ်းလည်း ကြာပြီ။ ပစ္စည်းတစ်ခုကို ကိုယ်မကြိုက်ရင် မရောင်းဘူး။ ကိုယ်တိုင်က စားလို့ကောင်းတယ်ဆိုမှ ရောင်းတာ၊ စားမကောင်းရင် မရောင်းချင်ဘူး။ စျေးနှုန်းကိုလည်း သူများနဲ့ မတူဘူး သူများက ၇၀၀ ၊ ၈၀၀ ရောင်းရင် ဦးက စျေးပိုယူတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ချိန်ပြီးယူတာပါ။ အမြတ် များများမယူဘူး မှန်မှန်လေးပဲ။ နေ့တိုင်းလုပ်ရင် နေ့တိုင်း ကုန်ရမယ်၊ ပြီးတော့ ကိုယ်ရောင်းတဲ့စျေး ကိုယ့်ဘာသာကိုယ် သတ်မှတ်တယ် တစ်နှစ်စာပေါ့။ ဒီနှစ်မှာ ဘယ်ပစ္စည်းက ဘယ်လောက်တက်နေတယ် ဆိုရင် ဘယ်လောက်ရောင်းမှ ရမယ် ဆိုတာမျိုး သတ်မှတ်လိုက်တယ်။ အခု (၁၀၀၀) ဆိုတာ တော်တော်ကြာအောင် ရောင်းရမှာ။ သူ့ထက် စျေးတက်မယ်ဆိုရင် တော်တော်နဲ့ အဆင်မပြေဘူး။ အခုလည်း တစ်နေ့ တစ်နေ့ ရောင်းရတဲ့ အရေအတွက်က (၁၂၀) – (၁၂၅) ဝန်းကျင်ရှိတယ်။ စျေးကတော့ နေ့တိုင်းထွက်တယ်။ ဒီ့ထက်အများကြီး ပိုမလုပ်ဘူး ပုံမှန်လေးပဲ။
စားသုံးသူတွေစိတ်ကျေနပ်မှုကို အမြတ်ထက်ပိုတန်ဖိုးထားတဲ့ ဦးရှင်း
ဦးလေးက ဒူးရင်းသီးပေါ်ချိန်ဆိုရင် ဒူးရင်းသီးပါ ထည့်ရောင်းတယ်လေ။ စားသုံးသူတွေက စျေးတိုးတောင်းဖို့ ပြောတယ်။ ဒါပေမယ့် ဦးလေးအတွက်က ကိုယ့်အတွက်ကျန်တာကို မလိုချင်ဘူး။ စားတဲ့သူတွေ အဆင်ပြေတာကို လိုချင်တာ တစ်ခုပဲရှိတယ်။ စားသုံးသူတွေကို အဆင်ပြေစေချင်တယ် စားရတာ အဆင်မပြေရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။ တချို့ကျတော့လည်း ချိုတာတွေ ပေါ့တာတွေကို အားနာနာ နဲ့ မပြောကြဘူး။ ဆိုင်မှာ စားရင်တော့ ပြော … ပြောမှ ကျွန်တော်သိမှာလေ။ ပါဆယ် ဝယ်တဲ့သူတွေကိုလည်း ရောင်းကတည်းက တစ်ခါတည်းပြောလိုက်တယ် ရွှေရင်အေးက အချိုဘက်ပါတယ်နော် ဆိုတာမျိုးပေါ့။ အရောင်းအဝယ်တစ်ခု လုပ်တယ်ဆိုတာ ကိုယ့်အတွက်ကြီးပဲ မမှန်းနဲ့ စားတဲ့သူအတွက်လည်း အဆင်ပြေမှ ကိုယ့်ကို အားပေးကြမှာ။ တချို့ဆို လာဝယ်ရတာ ဝေးပြီး ရေခဲမယူဘူး၊ ရေခဲမယူရင် ကျွန်တော် မရောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အုန်းနို့ယူသွားတာ အိမ်ရောက်ပြီဆိုရင် စားလို့မရလောက်တော့ဘူး ရေခဲနဲ့ဆိုရင်တော့ အဆင်ပြေတယ်။ တချို့ဆို ဝါးခယ်မ ကနေ ဖုန်းနဲ့လှမ်းမှာရင် ကျွန်တော် ဒီကနေပဲ ကားနဲ့တင်ပေးလိုက်တယ်။ ကိုယ်တိုင်လာဝယ်စားတဲ့သူကိုတော့ ဝေးလား၊ နီးလား မေးတယ်။
အရသာအတွက် ပါဝင်ပစ္စည်းတွေကို အသေးစိတ်ဂရုစိုက်တယ်
ကျွန်တော် သုံးတဲ့ ပစ္စည်းတွေထဲကမှ အုန်းသီးဆိုရင် ဟိုး ကမ်းနားဘက်က မှာတာ လိုမှ မှာတယ် တွံတေးကျိုက်ထော်ဘက်ကနေ မှာတာပေါ့။ အိမ်အရောက်ပို့ပေးတော့ သူများထက်လည်း သက်သာမယ်၊ ပစ္စည်းလည်းပိုကောင်းတယ်။ တချို့ကျတော့ ဦးရယ် စျေးလျှော့ပေးပါ ပြောတယ် ကျွန်တော်က စျေးတော့ လျှော့ပေးဖို့ အဆင်မပြေဘူး။ ခွက်အရေအတွက်ကိုပဲ ပိုပေးရင် ပေးလိုက်မယ်။ကျွန်တော်လုပ်တဲ့ အုန်းနို့က ဝယ်ပြီး မစားသေးပဲ ရေခဲသေတ္တာထဲ ထည့်ထားရင် နှစ်ညအိပ်လောက်စားလို့ရတယ်။ အဖတ်တွေကိုတော့ ရေခဲသေတ္တာရဲ့ အောက် ခန်းထဲမှာ ထည့်ထားလို့ရတယ်။ပြီးတော့ ပွဲအတွက် Order တွေရှိရင် ဆိုင်ပိတ်တယ်၊ လုံးဝ မနိုင်ဘူးဆိုမှ ဦးက ဆိုင်ပိတ်တာ။ Order ယူလဲ စျေးမလျှော့ဘူး ခွက်အရေအတွက်ကိုပဲ ပိုပေးတာပါ။ ဥပမာ ခွက်အရေအတွက် (၁၀၀) ဆိုရင် (၁၀) ပွဲ ပိုပေးလိုက်တယ်။ Order ကတော့ (၂) ရက်လောက် ကြိုမှာရတာပေါ့။စားသုံး သူတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါတယ်။ သန့်မှ ကြိုက်တဲ့သူဖြစ်လို့ ကိုယ်ရောင်းတဲ့ အစားအစာကိုလည်း သန့်သန့်လေးပဲ ရောင်းတယ်။
ဦးရှင်း ရွှေရင်အေးကို လမ်းမတော် (၈)လမ်းထိပ် ( ဂျန်းရှင်းမော်တင် မျက်နှာချင်းဆိုင်က လမ်း)မှာ ဖွင့်လှစ်ထားတာပါ။ တွန်းလှည်းလေးနဲ့ရောင်းတာဆိုပေမယ့် လက်ရာကောင်းလွန်းလို့ Duwun အဖွဲ့သားတွေ ရိုက်ကူးရေး သွားလုပ်နေချိန်မှာတောင် ကားနဲ့ တစ်မျိုး ၊ လမ်းသွားလမ်းလာရင်း ကြုံတာမျိုး ၊ တကူးတက လာအားပေးကြတဲ့ စားသုံးသူတွေ ကိုလည်း တွေ့ခဲ့ရပါတယ်။ ဦးရှင်းရဲ့ ရွှေရင်အေးကို မှာယူချင်တယ်ဆိုရင် 09444494085 , 09444730788 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ ဦးရှင်း တစ်ယောက် စားကောင်းလှတဲ့ ရွှေရင်အေး လက်ရာကို သားဖြစ်သူကို ပြန်လည်မျှဝေခဲ့ပြီး အခုဆိုရင် ဗဟိုစည်ဆေးရုံအရှေ့မှာရောင်းချနေတယ်လို့ သိရပါတယ်။ သမီးဖြစ်သူကလည်း မကြာခင် အလုံမှာ ဖွင့်လှစ်တော့မယ်လို့ သတင်းကောင်း ပါးခဲ့ပါသေးတယ်။