သူတို့ မိသားစုဘဝလေးအကြောင်းကို ပြောပြလာပါတယ်။

စီးပွားရေးအကျပ်အတည်းတွေ ၊ အလုပ်အကိုင် အခက်အခဲတွေ ကြားမှာ အဆင်ပြေပြေရှိလှတဲ့ မိသားစုတွေက ရှားလွန်းလှပါတယ်။ အဲဒီအထဲမှာမှ ဇာတ်ပွဲ ၊ အငြိမ့်ပွဲတွေ နားထားရလို့ ဝင်ငွေ အဆင်မပြေတော့ပေမယ့် ပျော်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားတဲ့ လူရွှင်တော် ပေသီး အကြောင်း တစေ့တစောင်း မေးထားတာလေးတွေကို ပရိသတ်ဆီ မျှဝေပေးလိုက်ပါတယ်။ 

မိသားစု စားဝတ်နေရေး အခြေအနေ 

ကျွန်တော် အခု Bubble Tea ဆိုင်လေးကို လှည်းလေးနဲ့ ဖွင့်ဖြစ်တယ်။ ဒါကလည်း အမျိုးသမီးကြောင့်ပါပဲ သူက အရင်တုန်းက အအေးဆိုင်လေးရှိတယ်၊ကျွန်တော်က Food panda နင်းတယ် နောက်ကျတော့ အဆင်မပြေတာနဲ့ Food panda လည်းနင်းမယ်၊ မိန်းမရဲ့ အအေးဆိုင်လေးကိုလည်း ဝိုင်းကူမယ်ပေါ့ ဒီအတွေးလေးနဲ့ ကြိုးစားလာရင်းကနေ အခု လှည်းလေးနဲ့ ဆိုင်ဖွင့်ဖြစ်သွားတာပါပဲ။ တစ်နေ့ ၅၀၀၀ လောက် ရလည်း မိန်းမက ကိုယ်နဲ့ ကလေးတွေရဲ့ အိမ်စာရိတ်အတွက် အဆင်ပြေအောင် သူစီမံတယ်။ ကိုဗစ်စဖြစ်ကတည်းက အနုပညာအလုပ်တွေ နားလိုက်ရတာဆိုတော့ မိသားစု စားဝတ်နေရေးကို ခက်ခက်ခဲခဲနဲ့ ပြေလည်အောင် ဖြေရှင်းလိုက်ရတာတဲ့ အချိန်တွေရှိခဲ့တာပေါ့ခင်ဗျာ။ 

ပေသီးကိုယ်တိုင်ပြောလာတဲ့ လက်ရှိအိမ်ထောင်ရေးဘဝလေး

ကျွန်တော်တို့ လင်မယားက အိမ်ထောင်သက်တမ်း ကြာလာတာနဲ့အမျှ နားလည်မှုတွေ ပိုရှိလာတယ်။ ကတောက်ကဆ ကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်မကျေနပ်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းပြောပြတယ်။ အဓိက ကတော့ စကားများများပြောတယ်၊ များများတိုင်ပင်တယ်၊ ကျွန်တော် အလုပ်နဲ့ပတ်သက်ရင် မှားတာလေးတွေဆို သူ့ရဲ့ အမြင်နဲ့ ပြင်ပေးတတ်တယ်။ လိုနေတာလေးတွေ ဖြည့်ပေးတယ်။ အိမ်ထောင်သက်က ၉ နှစ်ကျော်လာပြီ။ ကလေးတွေလည်း ရလာတဲ့အတွက် ကိုယ်ရင်သွေးလေးတွေ အတွက်က လွဲလို့ လင်မယားနှစ်ယောက်ကြားမှာ ကြီးကြီးမားမား ပြဿနာတတ်တာမျိုးမရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် မိန်းကလေးတော်တော်များများက ငွေလိုချင်တာများတယ်။ ငွေမက်တာ ကို ဆိုလိုခြင်းမဟုတ်ပါဘူး။ သူကလည်း ငွေကို လိုချင်တဲ့သူ တစ်ယောက်ပါပဲ ဒါပေမယ့် ကျွန်တော် ရတဲ့ ဝင်ငွေ အနည်းအများကို မိသားစုအတွက် အဆင်ပြေအောင် သူသုံးတယ်။ သူ့ကို အိမ်စာရိတ် ဘယ်လောက်ရှာပေးရမယ်၊ ဘယ်လောက်လိုချင်တယ် ဆိုတာ ပြောဖူးတာမျိုး လုံးဝ မရှိဘူး။ 

စိတ်ဓာတ်ကျတဲ့အချိန်တွေကို မိသားစုကြောင့် ကျော်ဖြတ်ခဲ့တယ်

ဝင်ငွေမရှိလို့ စိတ်ဓာတ်ကျခဲ့တာတွေရှိတယ်။ လဲပြိုသွားမတတ်ကို ခံစားခဲ့ရတာတွေရှိတယ်၊ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော် ပြိုလဲသွားလို့မဖြစ်ဘူး။ ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်း တစ်ယောက်အနေနဲ့ ကြိုးစားချင်စိတ်တွေ အမြဲတမ်း မွေးတယ်။ သမီးအကြီးလေးက ရည်မှန်းချက်ကြီးတယ် ခင်ဗျ။ ဟိုတိုက်လေးနဲ့ နေချင်တာ ဒီကားလေး စီးချင်တာမျိုးပေါ့ ဒါက ကလေးအတွေးပါ။ ဒါပေမယ့် ကျွန်တော့် သမီးရဲ့ ရည်မှန်းချက်လေးအတိုင်းဖြစ်လာဖို့ ကျွန်တော် ကြိုးစားရမယ်။

ဇနီးဖြစ်သူအတွက် ပေသီးရဲ့ စကားလက်ဆောင်

ကျွန်တော့် အမျိုးသမီးက မိသားစုအရေးအတွက် လိုအပ်တဲ့နေရာ မှန်သမျှ သူ ပံ့ပိုးပေးနေတာတွေရှိတယ်။ အိမ်ထောင်သက်တမ်းကြာလာလေ သူ့ရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ သဘောထားတွေကို ပိုမြင်လာပြီး ပိုချစ်လာတယ်။ သံယောဇဉ်လည်း ပိုရှိလာတယ်၊ ကျွန်တော် အမှားလုပ်ခဲ့ဖူးရင်တောင် နောင်တစ်ချိန်မှာ အဲ့ဒီအမှားကို ထောက်ပြီး ပြန်ပြောတတ်တဲ့သူမဟုတ်ဘူး။ သူ မေ့နိုင်အောင် ကြိုးစားတယ်။ ဒါလေးကို ကျေးဇူးတင် ချီးကျူးရပါတယ်။ ကျွန်တော် အရင်က ပွဲတွေ ကဖို့ နယ်တွေ ခရီးထွက်ရရင် အနောက်မှာ ကျန်ခဲ့တဲ့ ကလေး နှစ်ယောက်နဲ့ သူနဲ့ စားဝတ်နေရေးအတွက် သူ့ဘာသာသူ ဖြေရှင်းတယ်။ ကျွန်တော့်ကို လှမ်းပြီး အပူမပေးဘူး။

လူရွှင်တော် ပေသီးကို ပရိသတ်တွေက အငြိမ့်၊ ပြဇာတ် နဲ့ နယ်ဖျော်ဖြေပွဲတွေမှာဆိုရင် တွေ့ရလေ့ရှိမှာပါ။ သူဟာ ကိုဗစ် ပထမဆုံးအကြိမ် အခြေအနေ ကနေ စလို့ ယနေ့ အချိန်ထိ အနုပညာအလုပ်တွေ ရပ်နားထားရတယ်လို့ သိရပါတယ်။ ဒါကြောင့် မိသားစု စားဝတ်နေရေးအတွက် လှိုင်မြို့နယ် အောင်ရတနာလမ်းအနီးမှာရှိတဲ့ စျေး ထဲမှာ Bubble Tea နဲ့ အအေးမျိုးစုံ ဆိုင်လေးကို လှည်းလေးတွန်းပြီး ရောင်းချနေတာပါ။ 

Share

Loading Next Article...
က္က