iPhone users တွေ ချဉ်ခြင်းပြောင်းမယ့်အချိန်ကို နာမည်ကျော် Apple ဆန်းစစ်လေ့လာသူတစ်ဦးက ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။
ဝါရင့်လေ့လာသူနဲ့ စိတ်ချရတဲ့ ဈေးကွက်ခန့်မှန်းသူတစ်ဦးဖြစ်တဲ့ မင်ချိကုအိုက လာမယ့် ၂၀၃၂ ခုနှစ်မှာ Apple ဟာ iPhone နေရာမှာ အဆင့်မြင့် ကွန်ပျူတာနည်းပညာသုံးပုံဖော်မှုတွေ လုပ်ဆောင်နိုင်မယ့် AR ထုတ်ကုန်တွေနဲ့ အစားထိုးသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်ကိုပဲ Apple ကနေ ကိုယ်ပိုင် AR Headset တစ်မျိုး ဖန်တီးနေတယ်လို့ သတင်းတွေ ထွက်ထားပြီး လာမယ့် ၂၀၂၂ စတုတ္ထသုံးလပတ်ကာလမှာ ကြေညာသွားဖို့ ရှိပါတယ်။
Photo: AppleInsider
နောက် ၁၀ နှစ်အတွင်းမှာ iPhone ထုတ်လုပ်မှုရပ်ဆိုင်းပြီး AR ထုတ်ကုန်တွေနဲ့ အစားထိုးဖို့ဆိုတာ ဖြစ်နိုင်တယ်လို့လည်း မင်ချိကုအိုက ဆိုပါတယ်။ တကယ်လို့ လာမယ့် ၁၀ နှစ်အတွင်း Apple AR Headset သုံးသူ သန်း၁၀၀၀ ရှိလာရင် iPhone တွေ ဆက်မထုတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် အကောင်အထည်ပေါ်လာနိုင်တယ်လို့ သူက ခန့်မှန်းထားတာပါ။ အသစ်ထွက်လာမယ့် AR Headset ဟာ iPhone ဝယ်လိုအားအတိုင်း ရှိလာမယ်ဆိုရင် တကယ်ပဲ iPhone တွေ ပျောက်ကွယ်သွားနိုင်ပါတယ်။
9to5Mac က ဖော်ပြထားတဲ့ အစီရင်ခံစာမှာ မင်ချိကုအိုက "လောလောဆယ် iPhone သုံးနေသူပေါင်း သန်း ၁၀၀၀ ကျော် ရှိထားပါတယ်။ တကယ်လို့ Apple ရဲ့ ပန်းတိုင်က နောက် ၁၀ နှစ်အတွင်း iPhone နေရာမှာ AR တွေ အစားထိုးဖို့ဆိုရင် သဘောက ၁၀ နှစ်အတွင်း Apple AR Devices အနည်းဆုံး သန်း ၁၀၀၀ ရောင်းရမယ်ဆိုတာပါပဲ"လို့ ပြောထားပါတယ်။
iPhone နေရာမှာ အစားထိုးဖို့ဆိုရင် AR Headset ဟာ Apps နည်းနည်းပါးပါးလောက်ပဲ ထည့်သုံးနိုင်တာထက် ဒီထက်အများကြီးနဲ့ တွဲသုံးနိုင်အောင် ထုတ်ဖို့ လိုလာပါတယ်။ နောက်တစ်ချက်က iPhone မရှိဘဲ AR Headset တွေက အလုပ်လုပ်နိုင်ပါ့မလားဆိုပြီး မေးစရာလည်း ရှိနေပါတယ်။ မင်ချိကုအိုကတော့ Apple AR headset တွေအနေနဲ့ Apple ထုတ်ကုန်တွေပေါ် မှီခိုမှုမရှိဘဲ သီးသန့် Standalone Ecosystem နဲ့ သွားမယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Photo: yidinfo
နောက်ထပ် ကြားနေရတဲ့သတင်းတစ်ခုအရ Apple AR Headset သစ်မှာ သုံးမယ့် processor ဟာ Mac ထုတ်ကုန်အဆင့် Computing Skills နဲ့ လာမှာ ဖြစ်ပြီး Mac ၊ iPad နဲ့ iPhone တွေရဲ့ Support လိုမှာ မဟုတ်ဘူးဆိုတာပါပဲ။ နောက်နှစ် iPhone သစ် မိတ်ဆက်ချိန်လောက် မြင်ရမယ့် Apple AR Headset အမြင့် High-End ဗားရှင်းမှာ Mac လိုမျိုး Computing power ကောင်းတဲ့ M1 processor သုံးထားပြီး သူ့လောက် မမြင့်တဲ့ Lower-end processor မှာ sensor နဲ့ဆိုင်တဲ့ computing စနစ်နဲ့ လာဖို့ ရှိပါတယ်။
ဒီထုတ်ကုန်မှာ VR Support လည်း ပေးလာနိုင်ပြီး Sony ရဲ့ အမိုက်စား 4K micro OLED screen နှစ်ခု သုံးလာနိုင်ပါတယ်။ သတင်းတွေအရ Apple AR/VR Headset ဟာ ဂရမ် ၂၀၀ ကနေ ၃၀၀ အထိပဲ လေးတဲ့ Lightweight မော်ဒယ်အဖြစ် ထွက်လာမှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၁၀၀၀ ကနေ ၃၀၀၀ အထိ ပေါက်မယ်လို့ ဆိုပါတယ်။