ရန်းနစ်ဂ်အတွက် အမြဲတမ်းနည်းပြဖြစ်ဖို့ အခွင့်အရေးရှိနေဆဲပါ။

ယူနိုက်တက်နည်းပြရဲ့ ယာယီနည်းပြသစ် ရန်းနစ်ဂ်အနေနဲ့ ရလဒ်ကောင်းတွေကို ရယူနိုင်တယ်ဆိုရင်တော့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရလိမ့်မယ်လို့ သိရှိရပါတယ်။ ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြအဖြစ် (၆) လ စာချုပ်သာ ချုပ်ဆိုထားတာပါ။



ယာယီနည်းပြကာလအပြီးမှာ ရန်းနစ်ဂ်က အသင်းရဲ့ အတိုင်ပင်ခံဆိုင်ရာ ရာထူးကို ရယူသွားမှာဖြစ်ပြီး (၂၀၂၄) ဇွန်အထိ စာချုပ်ရှိမယ်လို့ သိရှိရပါတယ်။ အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်ဟာ ဂျာမန်မြေမှာ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး သူပရီးမီးယားလိဂ်ကို ရောက်လာတဲ့အပေါ် လီဗာပူးနည်းပြ ကလော့ပ်တို့ကလည်း ချီးကျူးထားတာပါ။

ပုံမှန်အားဖြင့် ရန်းနစ်ဂ်က ယာယီနည်းပြ ရာထူးတွေကို လက်ခံလေ့မရှိပေမယ့် အသင်းမှာ အရေးပါတဲ့ပုဂ္ဂိုလ်အဖြစ် ဆက်နေရမယ့်အချက်ကြောင့် အခုလိုမျိုး ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Telegraph ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ရန်းနစ်ဂ်ရဲ့ ယာယီနည်းပြဘဝ အောင်မြင်မှုတွေကို အကဲခတ်မှာဖြစ်ပြီး အောင်မြင်ခဲ့တယ်ဆိုရင်တော့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ရန်းနစ်ဂ်လက်ထက် ယူနိုက်တက် ကစားပုံက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆွဲဆောင်နိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပြီး အမှန်တကယ်သာ ကစားသမားတွေက သူ့ရဲ့နည်းစနစ်တွေနဲ့ အသားကျခဲ့ရင် ယူနိုက်တက်အတွက် အောင်မြင်တဲ့အခိုက်အတန့်တွေကို ဖြတ်သန်းရဖွယ်ရှိပါတယ်။

ရန်းနစ်ဂ်ဟာ ဂျာမန်နာမည်ကျော်နည်းပြတွေဖြစ်တဲ့ နာဂျယ်လ်စမန်း၊ ကလော့ပ်၊ တူချယ်လ်တို့နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီး နောက်ဆုံးအနေနဲ့ကတော့ လိုကိုမိုးတစ်မော်စကိုရဲ့ ဘောလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့တာပါ။

ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြသစ်နေရာအတွက် PSG နည်းပြ ပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်တို့ကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ရန်းနစ်ဂ်ကရော အမြဲတမ်းနည်းပြဖြစ်လာနိုင်မလားဆိုတာ သူ့ရဲ့စွမ်းဆောင်ရည်တွေကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က