ရာ့လ်ဖ် ရန်းနစ်ခ်ဟာ လာမယ့် ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘတ်ဂျက်ခွင့်ပြုခြင်း ခံသွားရမှာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား အာမာဒူ ဟိုင်းဒါရာကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့နံနက်မှာ ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ယခုရာသီကုန်အထိ အိုးထရက်ဖို့ဒ်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ ရလဒ်ဆိုးတွေ တောက်လျှောက် ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့အပတ်မှာ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ် ကားရစ်က အင်္ဂါနေ့က ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြရာထူးကို လက်ခံဖို့အတွက် လိုကိုမိုးတစ် မော်စကိုအသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေး ဒါရိုက်တာရာထူးကို စွန့်လွှတ်ခဲ့သူဖြစ်ပြီး လာမယ့် ဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မတိုင်မီ အိုးထရက်ဖို့ဒ်က လူစာရင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ပြိုင်ဘက်အသင်းကို ဖိအားမြင့်မြင့်ပေးပြီး တိုက်စစ်ဆင်ကစားချင်တဲ့ဆန္ဒရှိသူလို့ လူသိများပြီး ရန်းနစ်ခ်ဟာ ယူနိုက်တက်အတွက် ပစ်မှတ်အဖြစ် ၎င်းရဲ့ ကစားသမားဟောင်း ဟိုင်းဒါရာကို သတ်မှတ်ထားတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
ရန်းနစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက ဟိုင်းဒါရာကို ခေါ်ယူခဲ့တာဖြစ်ပြီး မာလီလက်ရွေးစင်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃ သန်း ရှိတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုင်းဒါရာဟာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ ၁၀၀ နီးပါး ပါဝင်ကစားပေးထားပြီးဖြစ်ပြီး မာလီလက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲစဉ် ၂၄ ပွဲ ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။
ရာ့လ်ဖ် ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြအဖြစ် ၆ လ ကိုင်တွယ်ပြီးနောက် အိုးထရက်ဖို့ဒ်မှာ နောက်ထပ် ၂ နှစ် အကြံပေးရာထူးနဲ့ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ရန်းနစ်ခ်က ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အပေါ်မှာ "ကျွန်တော် မန်ချက်စတာယူနိုက်တက်နဲ့ ပူးပေါင်းရမှာ စိတ်လှုပ်ရှားမိပြီး ဒီရာသီကို အောင်မြင်တဲ့ရာသီဖြစ်အောင် လုပ်ဖို့အတွက် အာရုံစိုက်သွားမှာပါ။ လူစာရင်းက ပါရမီရှင်တွေနဲ့ ပြည့်နေပြီး လူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ အရမ်း ဟန်ချက်ညီနေပါတယ်"
"လာမယ့် ၆ လအတွက် ကျွန်တော့်ရဲ့အားထုတ်မှုတွေ အားလုံးက ဒီကစားသမားတွေရဲ့ အလားအလာကို ပြည့်မြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပြီး တစ်ဦးချင်းအနေနဲ့ရော အရေးအကြီးဆုံးအနေနဲ့ အသင်းအဖွဲ့အဖြစ်နဲ့ပါ အကူအညီဖြစ်စေမှာပါ။ အဲဒါပြီးသွားရင် ကျွန်တော် အသင်းရဲ့ ရေရှည်ပန်းတိုင်းကို အကြံပေးအနေနဲ့ ထောက်ပံ့ကူညီပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။