လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကြပ်အတည်းတွေ ကြားမှာ ရုန်းကန်နေကြရတဲ့ မိသားစုဘဝတွေ၊ အိမ်ထောင်ရှင် ဘဝတွေက အများကြီးပါပဲ။ ဒီလို ဘဝတွေ ကြားကမှ အနုပညာအလုပ်တွေ ရပ်နားထားရတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် ဘုန်းလျှံကလည်း သူ့ရဲ့ အိမ်ထောင်ရေး ၊ စားဝတ်နေရေး ရပ်တည်မှု အကြောင်းတွေကို အခုလို မျှဝေ ပြောပြလာပါတယ်။
Photo: Bhone Hlyan
အိမ်ထောင်ရေး အတွေ့အကြုံ
“ အခုဆိုရင် အစ်ကိုတို့ အိမ်ထောင်သက်တမ်းက လက်မှတ်ထိုးပြီးတာ တစ်နှစ်ကျော်ကြာပြီ။ အစ်ကို့ မွေးနေ့မှာပဲ လက်မှတ်ထိုးခဲ့ကြတာပါ။ အိမ်ထောင်ရေး အတွေ့အကြုံ ဆိုတာက နု တာ ၊ ရင့်တာ တော့ မဆိုင်ဘူး။ သမီးရည်းစားဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေနဲ့ အိမ်ထောင်ရှင်ဘဝမှာ ကြုံတွေ့လာရတဲ့ အရာတွေက ပိုပြီးတော့ ကွာတာပေါ့နော်။ အိမ်ထောင်တစ်ခုဆိုတာ ကိုယ်တွေ နှစ်ယောက်တည်း ပေါင်းတာ မဟုတ်ဘူး။ သူ့ဘက်က အသိုင်းအဝိုင်းရယ်၊ ကိုယ့်ဘက်က အသိုင်းအဝိုင်းရယ် ပေါင်းကြရတာပေါ့လေ။ အိမ်ထောင်ကျပြီးသား လူတစ်ယောက်က အရင်တုန်းကလို လူလွတ်တစ်ယောက် မဟုတ်တဲ့အတွက် ကိုယ်အရမ်းကြိုက်တဲ့ အရာလေးတွေက သူမကြိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူကြိုက်တာတွေကိုလည်း ကိုယ်မကြိုက်တာတွေလည်း ရှိတယ်။ ဒါတွေကိုတော့ ညှိရတာတွေ ၊ နားလည်ပေးရတာတွေရှိတာပေါ့။ ကိစ္စတစ်ခုက မှားနေတယ် ဆိုလည်း သူက အမှန်ပြင်ပေးတာမျိုးတွေ သူမှားတာရှိလည်း ကိုယ်က အမှန်ကို ပြောပြပေးတာမျိုးတွေရှိပါတယ်” ။
Photo: Bhone Hlyan
ဇနီးဖြစ်သူအပေါ် ဘုန်းလျှံ ရဲ့ သဘောထား
“ အစ်ကို့ အမျိုးသမီးအပေါ် ကိုယ့်ရဲ့အမြင်ပြောရရင် သူ့ရဲ့ အလုပ်ကြိုးစားတဲ့ စိတ်တွေ၊ ပြီးတော့ အဖက်ဖက်ကနေ အလုပ်ရဲ့ သဘောတရားကို စဉ်းစားနိုင်တဲ့ လမ်းကြောင်းတွေ၊ အလုပ်တစ်ခုကို မရ ရအောင်လုပ်ချင်တဲ့ စိတ်တွေ၊ တစ်ဖက်က အဆင်မပြေရင် နောက်တစ်ဖက်ကို ဘာလုပ်မယ် ဆိုတဲ့ စိတ်ကူးတွေ၊ အကြောင်းအရာတွေကို စဉ်းစားတတ်တဲ့ စိတ် ၊ အတွေးအခေါ်လေးတွေ ရှိတယ်။ ဒါကို ပိုသဘောကျမိပါတယ်” ။
Photo: Bhone Hlyan
ခိုင်မာတဲ့ အိမ်ထောင်ရေးဖြစ်လာဖို့အတွက် အကြံပြုစကား
“ အိမ်ထောင် တစ်ခုကို ထူထောင်လိုက်ပြီ ဆိုကတည်းက ဒီ အိမ်ထောင် တည်မြဲဖို့ အတွက် ဇနီးမောင်နှံ နှစ်ယောက် စလုံးမှာ တာဝန်ရှိတယ်။ တချို့ဆို အိမ်ထောင်ကျပြီးမှ ကွဲသွားတာ မျိုးတွေရှိတယ်။ အစ်ကိုကတော့ မကွဲစေချင်ဘူး၊ ကိုယ့် အိမ်ထောင်ရေးကို တန်ဖိုးထားစေချင်တယ်၊ လက်ထပ်လိုက်ပြီးတော့မှ မှားသွားတယ် ဆိုတာမျိုး ၊ နောင်တရတယ် ဆိုတာမျိုးတွေက ရှိကောင်း ရှိနိုုင်ကြတယ်၊ အဲ့ဒီနောင်တကို အပြစ်လို့ မခံယူပဲ အကောင်းဘက်ကနေ ပြန်တွေးပြီး ကြိုးစားစေချင်တယ်။ လူတိုင်းက ၁၀၀ ရာခိုင်နှုန်းကောင်းတယ် ဆိုတာ မရှိပါဘူး။ အားနည်းချက် ၊ အားသာချက်တွေက ရှိနိုင်တာပဲ။ အားနည်းချက်ကိုပဲ မကောင်းမြင်ဝါဒနဲ့ လိုက်ကြည့်နေရင် ကောင်းတဲ့ အရာဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ မကောင်းတဲ့ အရာကို ကောင်းတဲ့ အမြင်တဲ့ ကြည့်တတ်မယ်ဆိုရင် အိမ်ထောင် တစ်ခုက တည်မြဲမှာပါ”
Photo: Bhone Hlyan
ငွေကြေး အတိုင်းအတာနဲ့ အိမ်ထောင်ရေးကို မဆုံးဖြတ်စေချင်
“ အိမ်ထောင် တစ်ခုမှာ ငွေကြေးက အဓိက ကျတယ်၊ မကျဘူးဆိုတာကို မှားတယ်လို့လည်း မဆိုလိုချင်ဘူး၊ မှန်တယ်လို့လည်း မပြောချင်ဘူး။ အချစ်မရှိရင် အိမ်ထောင်ရေးဆိုတာ မသာယာနိုင်ဘူး။ ဘယ်လောက်ပဲ ငွေကြေး ပြည့်စုံနေပါစေ ၊ အစစအရာရာ လိုတိုင်းတ ရနေတဲ့သူပဲ ဖြစ်ပါစေ အချစ်မရှိတဲ့ အိမ်ထောင်ရေးက မသာယာဘူး။ ဒါပေမယ့် ငွေကြေးရော၊ စီးပွားရေးရောက အိမ်ထောင်တစ်ခုမှာ အရေးပါတယ်။ ဒါတင်မကသေးဘူး သူ့တာဝန် ၊ ကိုယ့်တာဝန် ဆိုတဲ့ ဒေါက်တိုင်လေးတွေ ရှိမှ၊ အကုန်လုံး ညီနေမှ ခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာပါ။ ပြီးတော့ အိမ်ထောင်ပြုပြီဆိုရင် ဘဝ ရပ်တည်မှု တစ်ခုကတော့ သေချာလိုအပ်ပြီလေ။ လူတိုင်း လူတိုင်းမှာ စားဝတ်နေရေးအတွက် ဘဝ ရပ်တည်မှုတစ်ခုတော့ ရှိဖို့ လိုအပ်တယ်။ ကိုယ်တွေနဲ့ ကိုက်ညီမယ့် အလုပ်တစ်ခု လုပ်တယ်။ အခု လုပ်နေတဲ့ ဒီ အလုပ်က အမျိုးသမီးရဲ့ အကြံဉာဏ်တွေ အများကြီး ပါ ပါတယ်။ အစ်ကိုတို့က အလုပ်တစ်ခု လုပ်ပြီဆိုရင် ခဏတာအတွက် လုပ်တာလို့ မတွေးစေချင်ဘူး။ အောင်မြင်မှ ကောင်းတယ်။ ဒီ အောင်မြင်မှုက ခဏလေးနဲ့တော့ ရမှာ မဟုတ်ဘူး”
Photo: Bhone Hlyan
စိတ်ကူးထဲက အိမ်ထောင်ရေးအကြောင်း
“ ကိုယ့် စိတ်ကူးထဲက အိမ်ထောင်ရေးလေးဆိုရင်တော့ သာယာတဲ့ မိသားစု ဘဝလေး ထူထောင်ချင်တာပေါ့။ အိမ်ထောင်ရှင်ဘဝ ရောက်လာတဲ့ သူတိုင်းက ဒီလို စိတ်ကူးလေးရှိကြမှာပါပဲ။ အကောင်းဆုံး သာယာတဲ့ မိသားစုလေး ဖြစ်အောင် အစ်ကို ကြိုးစားမှာပါ။ ဒီကြိုးစားမှုကလည်း အခွင့်အလမ်းနဲ့ဆိုင်တယ်။ အခွင့်အလမ်း ဆိုတာထက် ငွေကြေး မပြေလည်ပေမယ့် သာယာတဲ့ မိသားစုဘဝလေးတွေလည်း ရှိကြတယ်။ ငွေကြေးက အဓိက မကျဘူးလို့ ဆိုလိုချင်တာပါ။ ဒါကြောင့်လည်း “ လင်နဲ့မယားဆိုတာ ဆိုးတူကောင်းဘက်” ဆိုတဲ့ စကားလေး ဖြစ်လာတာပါ” လို့ Duwun ကို ဖြေဆိုခဲ့တာပါ။
သရုပ်ဆောင် ဘုန်းလျှံ နဲ့ မမေသင်းမောင် တို့ ဇနီးမောင်နှံဟာ ချစ်သူ သက်တမ်း (၂) နှစ်အကြာမှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ အိမ်ထောင်သက်တမ်းက (၁) နှစ်ကျော် ကြာခဲ့ပါပြီ။ မိသားစု စီးပွားရေး တစ်ခုဖြစ်တဲ့ “ Ma May” စားသောက်ကုန် Online Shop Page ကနေတဆင့် ရှမ်းပြည်နယ်ထွက် ဒေသ စားသောက်ကုန်များ ၊ ရခိုင်ဒေသထွက် စားသောက်ကုန်များကို Live လွှင့် ရောင်းချနေတာ တွေ့ရပါတယ်။