ယူနိုက်တက်က ယာယီနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ရန်းနစ်ဂ်ဟာ အသင်းကစားသမားတွေကို သူ့စည်းကမ်းအတိုင်း အပြည့်အဝလိုက်နာခိုင်းဖို့ရှိနေပြီး ဒီအထဲမှာတော့ ရော်နယ်ဒို ကြိုက်နှစ်သက်တဲ့အရာတခုကိုပါ ပိတ်ပင်သွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရော်နယ်ဒိုဟာ နာမည်ကျော်ဇိမ်ခံကားကောင်းတွေကို ချစ်မြတ်နိုးသူတယောက်ဖြစ်ပြီး ဒီကားတွေကို စုဆောင်းထားတဲ့တန်ဖိုးက စုစုပေါင်း ပေါင်သန်း (၂၀) ကျော်အထိရှိနေတာပါ။ ရော်နယ်ဒို နေထိုင်ရာအိမ်တွေမှာ သူ့ရဲ့ပြိုင်ကားတွေ၊ အကန့်အသတ်နဲ့ထုတ်လုပ်တဲ့ ကားတွေကို သိမ်းဆည်းဖို့အတွက်လည်း သီးသန့်နေရာတခုကို စနစ်တကျ စီစဥ်ရပါတယ်။
ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာချိန်မှာလည်း ရော်နယ်ဒိုက အသင်းလေ့ကျင့်ရေးကွင်းကို ဘန်တလေ၊ လမ်ဘော်ဂီနီအစရှိတဲ့ နာမည်ကျော်ကားအမျိုးအစားတွေကို ကိုယ်တိုင်မောင်းနှင်ရင်း လာရောက်လေ့ရှိတာပါ။ ရန်းနစ်ဂ်ဟာ ကစားသမားတွေရဲ့ ကွင်းပြင်ပနေထိုင်မှုတွေကိုပါ စည်းကမ်းတင်းကျပ်လေ့ရှိပြီး ရော်နယ်ဒိုရဲ့ အခုလိုမျိုး ကိုယ့်ကားနဲ့ကိုယ် အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်တဲ့လုပ်ရပ်ကို ရန်းနစ်ဂ် ဆက်လက်ခွင့်ပြုဖွယ်မရှိပါဘူး။
ရန်းနစ်ဂ်အနေနဲ့ လိုက်ပ်ဇစ်မှာရှိခဲ့တုန်းက သူ့အသင်းက ကစားသမားတွေကို အသင်းနဲ့ တရားဝင်မိတ်ဖက်ပြုလုပ်ထားတဲ့ ကုမ္ပဏီက ကားတွေနဲ့သာ လေ့ကျင့်ရေးကွင်းကို လာရောက်ခွင့်၊ သတင်းပို့ခွင့်ပြုထားပြီး ယူနိုက်တက်မှာသာ ဒီအလေ့အထကို ဆက်လက်အသက်သွင်းခဲ့ရင် ရော်နယ်ဒိုအတွက် အကျပ်ရိုက်ဖွယ်ရှိပါတယ်။
ရော်နယ်ဒိုဟာ ရောက်လေရာအသင်းတိုင်းမှာ သူ့ရဲ့ခြေစွမ်း၊ ထင်ပေါ်ကျော်ကြားမှုတို့ကြောင့် အသင်းရဲ့ အစဥ်အလာအချို့ကို ကင်းလွတ်ခွင့်ရရှိခဲ့ပေမယ့် လက်ရှိ ရန်းနစ်ဂ်လက်ထက်မှာတော့ ဒါမျိုးမရနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။ ရန်းနစ်ဂ်ဟာ ကစားသမားတယောက်တည်းအပေါ် မျက်နှာသာပေးတာမျိုး၊ စည်းကမ်းပိုင်းချွင်းချက်ပေးတာမျိုး ပြုလုပ်လေ့မရှိပါဘူး။
အရင်က ယူနိုက်တက်ဂျာစီကို အဓိကစပွန်ဆာပေးခဲ့တဲ့ Chevrolet ဟာ လက်ရှိအချိန်ထိ အသင်းရဲ့ တရားဝင်မိတ်ဖက်အဖြစ်ရှိနေဆဲဖြစ်တာကြောင့် ရန်းနစ်ဂ်သာ ဒီစည်းကမ်းကို သတ်မှတ်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ဘန်တလေ၊ လမ်ဘော်ဂီနီတို့ကို အိမ်မှာပဲ သိမ်းထားရဖို့ရှိနေပါတယ်။