ညဘက် သူငယ်ချင်းနဲ့ အပြင်ကနေ လျှောက်လည်ပြီး အိမ်ပြန်အလာမှာ ဖြစ်ပွားခဲ့တာပါ။

အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယယ်လ်ဟာ ၎င်းရဲ့ ပေါင် ၄၅၀၀၀ တန် မာစီးဒီးစ်ကား၊ လက်ကိုင်ဖုန်းနဲ့ နာရီကို ခိုးဖို့ ကြိုးပမ်းခဲ့တဲ့ ဘေ့စ်ဘောတုတ်တံကိုင်ဆောင်ထားတဲ့ သူခိုးကို ပြန်ခံချခဲ့တယ်လို့ Sportsmail က ဖော်ပြခဲ့ပါတယ်။

ဂါဘရီယယ်လ်နဲ့ ၎င်းရဲ့သူငယ်ချင်းဟာ ညဘက် လျှောက်လည်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ လုယက်သူ ၂ ဦးက ကားထဲက ထွက်လာတဲ့ အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမားရဲ့ ကားသော့၊ မိုဘိုင်းဖုန်းနဲ့ နာရီတွေကို တောင်းခဲ့တာဖြစ်ပါတယ်။ လုယက်သူ ၂ ဦးထဲက အက်ဘ်ဒီရာဟမ် မြူ့စ်လို့ အမည်ရတဲ့သူက ဘရာဇီးလ်နောက်ခံကစားသမားကို ဘေ့စ်ဘောတုတ်တံနဲ့ လွှဲရိုက်ခဲ့ပေမယ့် ဂါဘရီရယ်လ်က သူခိုးရဲ့ မျက်နှာကို လက်သီးနဲ့ ပြန်ထိုးပြီး နပမ်းလုံးခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်နောက်ခံကစားသမားဟာ သူခိုးရဲ့ ဦးထုပ်ကို ဆွဲပြီး အားရပါးရ တည်ထိုးနေတာကြောင့် နောက်ဆုံးမှာ အခြေအနေမကောင်းတော့ဘူးဆိုတာ ရိပ်မိသွားတဲ့ လုယက်သူက ခြေလွတ်လက်လွတ် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ မြူ့စ်ဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက လုယက်မှုတစ်ခုမှာ ကျကျန်ခဲ့တဲ့ ဦးထုပ်က ဒီအင်န်အေကနေဆင့် လုယက်မှုမှာ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ဆက်စပ်မိသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ကြောက်မက်ဖွယ် စီစီတီဗွီ ရုပ်သံဖိုင်ကို တရားရုံးမှာ ဖွင့်ပြခဲ့ရာမှာ မြောက်လန်ဒန်၊ ဘားနတ်မှာရှိတဲ့ ဂါဘရီယယ်လ်ရဲ့ ကားဂိုထောင်ထဲကို အနက်ရောင် မာစီးဒီးစ်ကား ဝင်လာတာမြင်ရပြီး အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားဟာ သူငယ်ချင်းဖြစ်သူ ရိုဒရီဂို တာဗားရက်စ်နဲ့အတူ ကားထဲကနေ ထွက်လာခဲ့ပါတယ်။ မျက်နှာဖုံးစွပ်နဲ့ ခေါင်းစွပ်ပါ ဝတ်ဆင်ထားတဲ့ မြူ့စ်နဲ့ အပေါင်းအပါတစ်ဦးက ကားဂိုထောင်ထဲကို လမ်းလျှောက်ဝင်လာခဲ့ပြီး မြူ့စ်က အာဆင်နယ်နောက်ခံလူရဲ့မျက်နှာကို ဘေ့စ်ဘောတုတ်တံနဲ့ ချိန်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

ဂါဘရီယယ်လ်က လက် ၂ ဖက်လုံးကို လေထဲမှာ မြှောက်ထားခဲ့ပြီးနောက် နာရီကို ချွတ်ပြီး လုယက်သူဆီကို ကားသော့နဲ့အတူ လှမ်းပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ မြူ့စ်က နောက်ကနေ လိုက်မလာနိုင်အောင် ဘေ့စ်ဘောတုတ်တံနဲ့ လွှဲရိုက်ခဲ့ပေမယ့် ဂါဘရီယယ်လ်က လုယက်သူရဲ့ မျက်နှာကို တချက်လှမ်းထိုးပြီး လက်မောင်းကို ဖမ်းဆွဲထားခဲ့တာကို မြင်တွေ့ရပါတယ်။

ဂါဘရီယယ်လ်နဲ့ မြူ့စ်တို့ ၂ ဦးဟာ အချိန်တစ်ခုကြာတဲ့အထိ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ မြူ့စ်ဟာ ၎င်းရဲ့အပေါင်းအပါနဲ့အတူ အိမ်ကနေ ထွက်ပြေးသွားခဲ့ရာမှာ အပြင်ဘက်က လျှပ်စစ်လွှတ်ထားတဲ့ ဂိတ်ဝ ပွင့်နေ၊ မနေ စောင့်ကြည့်ပေးနေတဲ့ နောက်ထပ် အပေါင်းအပါတစ်ယောက်လည်း ရှိနေခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်မှာ နေထိုင်တဲ့ မြူ့စ်ဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက ပြစ်မှုကျူးလွန်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက တားမြစ်ထားတဲ့ လက်နက် လက်ဝယ်ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြူ့စ်ဟာ ဘိန်းဖြူ ဖြန့်ချိဖို့ ရည်ရွယ်ချက်နဲ့ လက်ဝယ်ထားရှိမှုနဲ့ ၅၆ လကြာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ်ကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ခံဝန်ချုပ်နဲ့ နေနေရတာဖြစ်ပါတယ်။

Share

က္က