ချဲလ်ဆီးကလည်း ရန်းနစ်ဂ်ကို ကမ်းလှမ်းခဲ့ဖူးပေမယ့် ရန်းနစ်ဂ်ကတော့ ပယ်ချခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ နည်းပြသစ်အဖြစ် ပထမဆုံးပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ဂ်က ယာယီနည်းပြအဖြစ် ကမ်းလှမ်းတာချင်းအတူတူ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ယူနိုက်တက်ကို လက်ခံဖြစ်ခဲ့တဲ့အကြောင်းရင်းကို ပြောကြားလာပါတယ်။



ရန်းနစ်ဂ်ဟာ (၂၀၂၁) အစောပိုင်းမှာ ချဲလ်ဆီးတို့ နည်းပြ လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြအဖြစ် ကမ်းလှမ်းခံခဲ့ရသေးတာပါ။ ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး ချဲလ်ဆီးကလည်း သောမတ်စ်တူဟယ်လ်ကိုသာ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

သောမတ်စ်တူဟယ်လ်လက်ထက်မှာ ချဲလ်ဆီးတို့ ပုံစံကောင်းပြနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပစူပါဖလား ဆွတ်ခူးနိုင်ခဲ့သလို လက်ရှိရာသီမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ချဲလ်ဆီးက ရန်းနစ်ဂ်ကို ကမ်းလှမ်းခဲ့တုန်းကလည်း အခု ယူနိုက်တက်လိုပဲ ကာလတို စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ကမ်းလှမ်းပုံချင်းအတူတူမှာ ချဲလ်ဆီးကိုကျ ငြင်းပြီး ဘာကြောင့် ယူနိုက်တက်ကို လက်ခံခဲ့ရလဲဆိုတာကို ရန်းနစ်ဂ်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ ရန်းနစ်ဂ်က “အဲ့ဒီအချိန်တုန်းက ချဲလ်ဆီးက ကျနော့်ဆီ ဆက်သွယ်ခဲ့ပြီး (၄) လလောက်ပဲ အသင်းကို ကိုင်တွယ်ဖို့ ပြောပါတယ်။ အဲ့ဒီထက် မပိုပါဘူး”

“အခု ကျနော်က (၆) လခွဲ စာချုပ်ချုပ်ဆိုထားပြီး အဲ့ဒီနောက်မှာ အတိုင်ပင်ခံရာထူးနဲ့ နောက်ထပ် (၂) နှစ် ဆက်ရှိနေမှာပါ။ နောက်ပြီး ယူနိုက်တက်လို အသင်းမျိုးက ခင်ဗျားကို ကမ်းလှမ်းလာရင် ခင်ဗျားအတွက် ဒါကို ပယ်ချဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲအဖြစ် ဒီဇင်ဘာ (၅) မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကို စတင် ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။ 

Share

က္က