ရန်းနစ်ဂ်ရဲ့ အစွမ်းအစနဲ့ ဟာလန်းကို ယူနိုက်တက်တို့ ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ဟာလန်းကိုခေါ်နိုင်ရင် အပိုဆုကြေးရရှိမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန်သွားခဲ့ပါတယ်။ ယူနိုက်တက်တို့ လာမယ့်နွေရာသီမှာ ဗဟိုတိုက်စစ်မှူးတယောက်ကို သေချာပေါက် ခေါ်ယူရမှာဖြစ်ပြီး ဒီအတွက် ဟာလန်းက ယူနိုက်တက်အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ ထိပ်ဆုံးကရှိနေတာပါ။



ဟာလန်းဟာ လက်ရှိအချိန် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေပြီး ယူနိုက်တက်မှာ ရန်းနစ်ဂ် အသက်သွင်းမယ့် ကစားဟန်နဲ့ လိုက်ဖက်နိုင်ခြေရှိတဲ့ ကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဟာလန်းကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်၊ PSG၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ရန်းနစ်ဂ်လက်ထက်မှာသာ ယူနိုက်တက်တို့ ပုံစံကောင်းရလာခဲ့ရင် ဟာလန်းကိုခေါ်ယူနိုင်ဖို့ ပိုမိုအခြေအနေကောင်းနိုင်ဖွယ်ရှိပြီး ရန်းနစ်ဂ်လည်း အပိုဆုကြေးရမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ဂ်ကတော့ “ဟာလန်းအတွက် ပေါင် (၁၀) သန်း၊ အမ်ဘာပေအတွက် ပေါင် (၁၀) သန်း၊ လီဝန်ဒေါစကီးအတွက် ပေါင် (၁၀) သန်း၊ ကင်မစ်ချ်အတွက် ပေါင် (၁၀) သန်း... ဒီအကြောင်းအရာတွေက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေပဲဗျ။ ကျနော့်စာချုပ်မှာ အဲ့ဒီအတွက် ဘာမှသဘောမတူထားပါဘူး”

“ကစားသမားသစ်နဲ့ ပတ်သက်လို့ ထင်ကြေးပေးတာတွေက အခုချိန်မှာ အဓိပ္ပာယ်မရှိပါဘူး။ ဟာလန်းက တိုက်စစ်မှူးကောင်းတယောက်ပါ။ အဲ့ဒီတုန်းက ကျနော့်သူငယ်ချင်း ခရစ္စတိုဖရန့် (ဆဲလ်ဘာ့ဂ်အားကစားဒါရိုက်တာ) နဲ့ အတူတူအလုပ်လုပ်ခဲ့ပြီး ဟာလန်းကို မိုလ်ဒီကနေ ဆဲလ်ဘာ့ဂ်ကို ခေါ်တုန်းကလည်း ကျနော် အနည်းငယ် ပါဝင်ပတ်သက်ခဲ့ပါတယ်”

“အဲ့ဒီတော့ ဟာလန်း ဘယ်လိုကစားသမားလဲဆိုတာကို ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော်ပြောခဲ့သလိုပဲ။ ထွက်ပေါ်နေတဲ့ သတင်းတွေက အဓိပ္ပာယ်မရှိပါဘူး။ ကျနော့်အသင်းရဲ့ တိုက်စစ်မှာ ထိပ်တန်းကစားသမားတွေ ရှိနေတာနဲ့ ပတ်သက်လို့ ကျနော်ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က