နှစ်ပေါင်း ၂၀ နီးပါးအထိ ရှိလာပါပြီ။

ဆင်မလိုက် မကရင်မ ဝက်အူစုံ အသည်းစုံ မင်းကြော်ဆိုင်လေးဟာ အခုချိန်ထိတိုင်အောင် စားသုံးသူ မပြတ်တဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်တွေ ဘယ်လောက်ကြာကြာ အရသာကောင်းပြီး စေ◌ျးတန်တဲ့ မကရင်မရဲ့ ဝက်အူစုံထမင်းကြော်ဆိုင်လေးအကြောင်းကို Duwun Lifestyle Food အစီအစဉ်ကနေဝေမျှပေးသွားမှာဖြစ်ပါတယ်။



နှစ်ပေါင်း ၂၀ နီးပါးထိ အကြိုက်တွေ့နေဆဲ ဝက်အူစုံထမင်းကြော်

ဆင်မလိုက် မကရင်မ ဝက်အူစုံထမင်းဆိုင်လေးကိုရောင်းချလာတာ နှစ်ပေါင်း ၂၀ နီးပါးထိရှိလာပါပြီ။ ထမင်းဖြူပေါ်မှာ ဝက်သား အူစုံကလီစာအစုံကို အရည်ရွှဲရွှဲလေးနဲ့ ပြုတ်ထားတဲ့ ဝက်အူစုံဟင်းကို ဆမ်းပြီး စားရတာပါ။ ထမင်းနဲ့ ဝက်အူစုံထမင်းကို ၁၅၀၀ ကျပ်ပဲ ကျသင့်ပြီး ဈေးလဲတန်စားလဲကောင်းတာကြောင့် နေ့တိုင်းလာစားတဲ့သူ ကြိတ်ကြိတ်တိုးဖြစ်နေတာ တွေ့ရပါတယ်။ တစ်နေ့ကို ဝက်သား အချိန် ၆၀ ခန့်ကုန်ပြီး နေ့စဉ်စားသုံးသူ ၃၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

မကရင်မ ဝက်အူစုံထမင်းဆိုင်လေး စတင်ရာ

ဆိုင်နာမည်ကို ဆိုင်းဘုတ်မတပ်ထားပေမယ့် အားလုံးက မကရင်မ ဆင်မလိုက် ဝက်အူစုံထမင်းဆိုင်လေးလို့ ပဲ ခေါ်ကြပါတယ်။ ဒီဆိုင်လေးကို စားသုံးသူတွေက အမိုးကြီးလို့ ခေါ်ကြတဲ့ မကရင်မဆိုသူ စတင်ဖွင့်လှစ်ခဲ့တာပါ။ ကျုံပျော်ဇာတိဖြစ်တဲ့ မကရင်မက ရန်ကုန်သားနဲ့ အကြောင်းပါပြီး ရန်ကုန်မှာ အခြေချနေထိုင်ရင်း အမျိုးသားဆုံးပါးသွားတဲ့အချိန်မှာ အိမ်ဆိုင်လေးအဖြစ် ဒီထမင်းကြော်ဆိုင်လေးကို စတင်ခဲ့တာပါ။ အခုတော့ တူတွေတူမတွေက မကရင်မနဲ့အတူတူ အကုန်ဝိုင်းလုပ် ဝိုင်းကူပြီးတော့ ရောင်းချပေးနေကြပါတယ်။

“ ဆိုင်လေးကို တူတွေ တူမတွေ မောင်တွေအကိုတွေအကုန်ဝိုင်းလုပ် ဝိုင်းကူကြတယ်။ သူစိမ်းတစ်ယောက်မှ မရှိဘူး ။ အကုန်အမျိုးတွေချည်းပဲ ။ သူစိမ်းဆိုလည်း အဲ့လောက် ဒဏ်မခံနိုင်ဘူး။ အမျိုးသားဆုံးကတည်းက ဒီ ဈေးရောင်းတဲ့အလုပ်ကို လုပ်လာခဲ့ပြီး အခုတော့ တူတွေ တူမတွေကို လက်ဆင့်ကမ်းပြီး အတူတူလုပ်ကြတာပေါ့ “ လို့ မကရင်မကဆိုပါတယ်။

ဈေးလဲတန် စေတနာလည်းကောင်း အရသာလည်းရှိတဲ့ ဆိုင်လေး

ဝက်သားတုပ်ထိုးစားရင်တောင် အနည်းဆုံး ၃၀၀၀ လောက် ကုန်ကျနေတဲ့ခေတ်မှာ မကရင်မမှာ ဝက်သား အူစုံ အသဲစုံ ကလီစာအစုံကိုမှ ၁၅၀၀ ကျပ်ပဲ ကျသင့်ပါတယ်။ ပဲငံပြာရည်ရွှဲရွှဲလေးနဲ့ ဝက်သား နူးနူးအိအိလေးနဲ့ အရသာက ပြောစရာမလိုအောင်ကို ကောင်းမွန်ပြီး ဝက်သားကြိုက်တဲ့သူတိုင်း လက်မလွှတ်နိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဝက်အူစုံထမင်းအပြင် ဝက်ဆီဖတ်၊ ကောက်ညှင်းထုပ် ဝက်သားလိပ်ကြော်၊ ဝက်အူချောင်း စတာတွေလည်း ရနိုင်ပါတယ်။  

လူတန်းစား အလွှာပေါင်းစုံစုစည်းရာ မကရင်မထမင်းဆိုင်လေး

မကရင်မဆိုင်လေးကို အခြေခံလူတန်းစားကစပြီး အလွှာပေါင်းစုံက လူတန်းစားမရွေးလာစားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က တစ်ပွဲ ၁၅၀ ကျပ်နဲ့ ရောင်းချစဥ◌်ကတည်းက လာစားကြတဲ့ စားသုံးသူတွေ လည်း အခုချိန်ထိတိုင်ရှိနေဆဲပဲ ဖြစ်ပါတယ်။ တစ်ချို့ စားသုံးသူတွေဆို ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် အမိုးကြီးဆိုင်ကို မရောက်ရောက်အောင် လာစားကြတုန်းပဲလို့ မကရင်မကဆိုပါတယ်။

“ ကုမ္ပဏီဝန်ထမ်းတွေ၊ တက္ကစီဆရာတွေ၊ အခြေခံလူတန်းစားအစ လူချမ်းသာအဆုံး လူတန်းစား အလွှာပေါင်းစုံလာစားကြပါတယ်။ အမိုးကြီးကတော့ အကုန်လုံးကိုလည်း အဆင်ပြေအောင် ထည့်ပေးပါတယ်။ မရှိတဲ့လူလည်း ဒီတိုင်းပဲ။ ရှိတဲ့လူလည်း ဒီတိုင်းပါပဲ။ ၁၅၀ ရောင်းတဲ့ခေတ်ကတည်းက ခုချိန်ထိလာအားပေးနေကြတုန်းပါ။ တစ်ချို့ သူတွေဆို ဘယ်နိုင်ငံပဲ ရောက်ရောက် အမိုးဆီကို ပြန်လာတိုင်း စားကြတုန်း။ အမိုးနေရာက အိမ်လိုပါပဲ။” လို့ မကရင်မက ပြောပါတယ်။

ရောင့်ရဲ့တင်းတိမ်တဲ့စိတ်အပြည့်ရှိသူ မကရင်မ

ကရင်မဆိုင်လေးဟာ ဒီနေရာလေးမှာပဲ ရောင်းချလာတာ နှစ်ပေါင်း ၂၀ နီးပါးထိရှိလာပေမယ့်လည်း ဆိုင်ခွဲတွေ ဖွင့်လှစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဆိုင်ခွဲတွေ အများကြီး ဖွင့်လှစ်ရောင်းချနိုင်ဖို့ထက် ဒီနေရာလေးမှာပဲ စားသုံးသူတွေကို အရသာမပြောင်းလဲဘဲ စေတနာပိုပိုနဲ့ ရောင်းနိုင်ဖို့ က အဓိက ဖြစ်ပါတယ်။

“ ဒီလောက်ပဲကောင်းပါတယ်။ နေ့တိုင်းကောင်းကောင်းစားနေရတာတော်ပါပြီ ။အမိုးက ချမ်းသာဖို့ မလိုပါဘူး။ အားလုံးအဆင်ပြေဖို့ပဲ လိုပါတယ်။ ဒီလောက်နဲ့တင် လုံလောက်ပါတယ်။” လို့ ဆိုပါတယ်။

ဘယ်အချိန်နဲ့ ဘယ်နေရာမှာဖွင့်လှစ်ထားသလဲ

အမိုးကြီး မကရင်မ ဝက်အူစုံထမင်းဆိုင်လေးကတော့ ဆင်မလိုက်အဝေးပြေးမှတ်တိုင်အနီး ဆရာစံလမ်း လမ်းမပေါ် ကမာရွတ်မြို့နယ် မီးသတ်ရုံးမျက်စောင်းထိုးနားလေးမှာရှိပါတယ်။ မနက် ၆ နာရီကနေ ညနေ ၃ နာရီအထိ ရောင်းချပေးနေပြီး အချိန်စောစောလာရင်တော့ ဝက်အူစုံကလီစာအစုံ ပိုရနိုင်တာမို့ ဒီဆိုင်လေးကို လာစားမယ်ဆိုရင် စောစောသာလာခဲ့ကြနော်။



ဆက်စပ်အကြောင်းအရာများ

Share

က္က