ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်အသစ်အဖြစ် ခရစ္စအာမက်စ်ကို ခေါ်ယူလိုက်တယ်လို့ သိရှိရပါတယ်။ ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ဂ်ဟာ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို တရားဝင် စတင်ကိုင်တွယ်ခဲ့ပြီး သူ့စိတ်ကြိုက် နည်းပြအဖွဲ့ဝင်အချို့ကိုလည်း ခေါ်ယူခွင့်ရရှိထားတာပါ။
ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ယူနိုက်တက်မှာရှိပြီးသား နည်းပြအဖွဲ့ဝင်တွေနဲ့ ဆက်လက်လက်တွဲဖို့ ပြင်ဆင်ခဲ့ပြီး ရှိနှင့်ပြီးသား ကာရစ်ကတော့ ရန်းနစ်ဂ်တားမြစ်နေသည့်တိုင် ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရန်းနစ်ဂ်က အမေရိကန်နိုင်ငံသား ခရစ္စအာမက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး အာမက်စ်အနေနဲ့ ယူနိုက်တက်မှာ လာရောက်အလုပ်လုပ်ကိုင်ဖို့အတွက်လည်း ပါမစ်ရရှိခဲ့ပါပြီ။
အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်ဟာ သူ့ရဲ့ အဓိကလက်ထောက်နည်းပြရာထူးအတွက် ကာရစ်ကို အဓိကရည်ရွယ်ခဲ့ပေမယ့် ကာရစ်ကတော့ ဆိုးလ်ရှား အထုတ်ခံရမှုက သူ့တာဝန်လည်း မကင်းဘူးလို့ ခံစားရတာကြောင့် ရာထူးက နှုတ်ထွက်သွားဟန်ရှိတယ်လို့ဆိုကြပါတယ်။
လက်ရှိ ရန်းနစ်ဂ်ဘေးမှာ ကာရစ်နဲ့ အတူလက်တွဲခဲ့ဖူးတဲ့ မက်ကန်နာ၊ ဖလက်ချာတို့လည်းရှိနေပြီး အာမက်စ်ကတော့ ရန်းနစ်ဂ် အဓိက အားကိုးရမယ့် လက်ထောက်ဖြစ်လာမယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။
အသက် (၄၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာမက်စ်နဲ့ ရန်းနစ်ဂ်တို့ဟာ နယူးယော့ခ်ရက်ဘူးလ်မှာ ကာလရှည် လက်တွဲခဲ့ကြဖူးပြီး ရန်းနစ်ဂ်က အားကစားဒါရိုက်တာ၊ အာမက်စ်က လက်ထောက်နည်းပြ၊ နည်းပြအဖြစ် အတွဲညီခဲ့ကြတာပါ။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ အာမက်စ်ဟာ လာမယ့်တပတ်မှာ အင်္ဂလန်ကို လာရောက်တော့မှာဖြစ်ပြီး ဒီဇင်ဘာပွဲကျပ်ကာလကို ဖြတ်သန်းရမယ့် ရန်းနစ်ဂ်နဲ့ ယူနိုက်တက်အတွက် သင့်တော်တဲ့အားဖြည့်မှု ဖြစ်လာမယ်လို့လည်း ဆိုကြပါတယ်။ ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို ကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာလည်း ယူနိုက်တက်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။