လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက အေစီမီလန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲက အုပ်စုအဆင့် ၆ ပွဲစလုံးကို အနိုင်ရရှိဖူးတဲ့ ပထမဆုံးအင်္ဂလိပ်ကလပ်အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပထမပိုင်း ၂၉ မိနစ်မှာ အေစီမီလန်အတွက် သွင်းယူပေးခဲ့တဲ့ တိုမိုရီရဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ပထမပိုင်းမပြီးဆုံးမီ ၁၀ မိနစ်ခန့်အလိုမှာ မိုဟာမက် ဆာလားက ယခုရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ မြောက်ဂိုးကို သွင်းယူပြီး ပြန်လည်ချေပပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အိုရီဂီလည်း အင်္ဂါနေ့ညက စီးရီးအေကလပ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ထပ် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရလဒ်အနေနဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် ၆ ပွဲစလုံးကနေ ၁၈ မှတ်အထိ ရယူနိုင်ခဲ့ပြီဖြစ်ပြီး ဘယ်အင်္ဂလိပ်ကလပ်အသင်းမှ မရရှိဖူးတဲ့ စံချိန်နဲ့အတူ ဥရောပထိပ်သီးအသင်းအုပ်စုထဲကို ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အေစီမီလန်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ စပါးတပ် မော်စကိုနဲ့ ရီးရဲလ်မက်ဒရစ်(၂ကြိမ်)တို့ဟာ ယခုရာသီမတိုင်ခင် အုပ်စုအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲရယူနိုင်ခဲ့တဲ့အသင်းတွေဖြစ်ကြပြီး အင်္ဂါနေ့ညမှာ စပို့တင်းကို အနိုင်ယူပြီးနောက် အိုင်းယက်စ်ကလည်း ဒီအုပ်စုထဲကို ပူးပေါင်းလာခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ပုံမှန်အားဖြင့် စံချိန်တွေ၊ မှတ်တမ်းတွေ စိတ်မဝင်စားသူဖြစ်ပေမယ့် ၎င်းရဲ့အသင်းက ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ အေစီမီလန်လိုအသင်းကို အနိုင်ယူပြီး ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲရယူနိုင်ခဲ့တဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့အတွက် ဘယ်လောက်ဂုဏ်ယူမိလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ ကလော့ပ်က BT Sport ကို "အရမ်းဂုဏ်ယူမိပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် အထူးသဖြင့် အုပ်စု ၆ ပွဲလုံးကို အနိုင်ရခဲ့တာကြောင့်ပါ"
"ကျွန်တော် ပွဲမတိုင်ခင် လူစာရင်းရွေးနေတုန်းက ပြောခဲ့တဲ့အချိန်မှာ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရချင်တယ်လို့ ပြောခဲ့တယ်။ အားလုံးကလည်း ဟုတ်တာပေါ့၊ နိုင်ရမှာပေါ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပါ(မျက်နှာပြောင်လျက်)"
"ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့မှာ လန်းဆန်းတဲ့ခြေစွမ်းလိုအပ်ခဲ့တယ်။ ကျွန်တော်တို့ ပွဲကြပ်ပွဲဆက်တွေများတဲ့ ဒီလိုကာလမှာ တကယ်ကို ခက်ခဲ့တဲ့ ဒီပွဲကို ကစားဖို့အတွက် စိတ်ဆန္ဒပြင်းပြမှု လိုအပ်ခဲ့တယ်။ ကောင်လေးတွေ ဒီည လုပ်ခဲ့တာတွေက အရိုးသားဆုံးပြောရရင် ဒီထက်ပိုပြီး ဂုဏ်ယူစရာမရှိတော့ပါဘူး။ မယုံနိုင်ဖွယ် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီညမြင်ခဲ့ရတဲ့အရာတွေအားလုံးအတွက် အရမ်းပျော်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။