ဇီဒန်း အစ်ဘယ်လ်ဟာ ဗုဒ္ဓဟူးနေ့ညက ယန်းဘွိုင်းစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ပထမဆုံး တောင်အာရှသားဘောလုံးသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်အတွက် အရန်လူစာရင်းထဲမှာ မပါဝင်မီ အင်္ဂါနေ့မှာ ပထမအသင်းနဲ့ လေ့ကျင့်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်ရောက်ဖို့ အာမခံချက်ရရှိခဲ့ပြီးဖြစ်တာကြောင့် လူငယ်ကစားသမားလေးတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကျောနံပါတ် ၇၃ ကို ဝတ်ဆင်ထားတဲ့ အစ်ဘယ်လ်ဟာ ဒုတိယပိုင်း ပွဲကစားချိန်ပြည့်ဖို့ မိနစ်အနည်းငယ်အလိုမှာ ဂျက်ဆီ လင်ဂတ်နေရာမှာ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပါကစ္စတန်နဲ့ အီရတ်နွယ်ဖွား မန်ချက်စတာဇာတိဖွား ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဧပြီလမှာ အသင်းနဲ့ ပရိုစာချုပ် ချုပ်ဆိုတဲ့ ပထမဆုံး ဗြိတိသျှတောင်အာရှသားကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
"အရမ်းအံ့အားသင့်စရာကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်တော် ဒီအခွင့်အရေးရဖို့အတွက် တစ်ဘဝလုံး အလုပ်လုပ်ခဲ့ရတာပါ။ အိပ်မက်တွေက တကယ်ဖြစ်လာခဲ့ပါပြီ။ အခုက အစပဲ ရှိသေးပြီး ကျွန်တော် ဆက်ပြီး လုပ်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်"လို့ အစ်ဘယ်လ်က MUTV ကို ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က ဗန်ဒီဘိခ်နဲ့ ဒင်း ဟန်ဒါဆန်တို့ ၂ ဦးလုံး ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပေမယ့် အင်္ဂါနေ့မှာ ပွဲနေ့လူစာရင်းကို ရွေးချယ်မှုဘယ်လိုလုပ်မလဲဆိုတာကို အနည်းအကျဉ်း ပြောပြသွားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ ကစားသမားသစ်အနည်းငယ် ဒါမှမဟုတ် လန်းဆန်းနေတဲ့ကစားသမားအနည်းငယ်နဲ့ ကစားကောင်း ကစားမယ်ဆိုရင်တောင်မှ အနိုင်ရဖို့အတွက် အရေးကြီးနေတုန်းပါပဲ။ ပြီးတော့ စကားမစပ် ဒီအုပ်စုထဲက ပထမပွဲမှာ ယန်းဘွိုင်းစ်ကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့လို့ အဲဒီရလဒ်ကို ပြန်ပြင်နိုင်အောင် လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့ မနက်ဖြန် ဘယ်လိုကစားသမားတွေနဲ့ပဲ ပွဲထွက်လာသည်ဖြစ်စေ အနိုင်ရလဒ်ကို ကျိန်းသေလိုချင်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာမြို့ဖွား အစ်ဘယ်လ်က ယူနိုက်တက်နဲ့အတူ ဆယ်စုနှစ် ၁ ခုကျော် အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အသင်းရဲ့ အခြေခံအဆင့်ကို မပူးပေါင်းမီ အစောပိုင်းနှစ်တွေကတည်းက ဘောလုံးကစားနေခဲ့တာဖြစ်ပါတယ်။ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယူနိုက်တက်က နည်းပြတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရသူဖြစ်ပြီး အသင်းလူစာရင်းထဲမှာ အသက်အငယ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ယူ-၂၃ အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို အခိုင်အမာ ရရှိထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
အစ်ဘယ်လ်ဟာ ပြီးခဲ့တဲ့လက WAFF(အနောက်အာရှဘောလုံးအဖွဲ့ချုပ်)ချန်ပီယံရှစ်ဖလားပြိုင်ပွဲမှာ အီရတ် ယူ-၂၃ အသင်းအတွက် ပါဝင်ကစားပေးဖို့ ခေါ်ယူခြင်းခံခဲ့ရပြီး အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ အစ်ဘယ်လ်ဟာ ယူအေအီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင်အဖြစ်နဲ့ ပါဝင်ကစားပေးခဲ့ပြီး လက်ဘနွန်နဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အစ်ဘယ်လ်ဟာ လက်စတာစီးတီးက ဟမ်ဇာ ချောင်ဟူရီ၊ အက်စ်တန် ဗီလာက အာဂျန် ရီခီ၊ စပါးက ဒီလန် မာကန်ဒေးနဲ့ ဝုဗ်နောက်ခံလူ ကမ်း ကန်ဒိုလာတို့နဲ့အတူ အချိန်ပြည့်ပရော်ဖက်ရှင်နယ်စာချုပ်ရှိတဲ့ ပရီးမီးယားလိဂ်က ဗြိတိသျှတောင်အာရှသားကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်ပြီး ၂၀၀၂-၂၀၀၃ ရာသီ လေဗာကူဆင်အိမ်ကွင်းမှာ နယူးကာဆယ်လ်အတွက် မိုက်ကယ် ချော်ပရာ ပါဝင်ကစားပေးပြီးနောက်ပိုင်း ၁၉ နှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ်ကလပ်အသင်းအတွက် ကစားပေးတဲ့ ပထမဆုံး ဗြိတိသျှ တောင်အာရှသားကစားသမားဖြစ်ပါတယ်။