ဗန်ဒီဘိခ်ကတော့ ရှုံးထွက် (၁၆) သင်းအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ယုံကြည်ချက်ရှိနေတာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့၊ အနိုင်ကစားဖို့ ယုံကြည်ချက်ရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရမှတ် (၁၁) မှတ်နဲ့အတူ အုပ်စုဗိုလ်နေရာကို ရရှိခဲ့တာပါ။



ရှုံးထွက် (၁၆) သင်းအဆင့်မှာတော့ ယူနိုက်တက်တို့ အင်တာမီလန်၊ ဆဲလ်ဘာ့ဂ်၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ အက်သလက်တီကို၊ PSG တို့ထဲက တသင်းသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဗန်ဒီဘိခ်ကတော့ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အနိုင်ရမယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် မနေ့ညက ယန်းဘွိုင်းစ်နဲ့ပွဲမှာ ချေပဂိုးပေးခဲ့ရတဲ့အပေါ်မှာလည်း သူ့မှာတာဝန်ရှိတယ်လို့ ဗန်ဒီဘိခ်က ဝန်ခံသွားခဲ့သေးတာပါ။ ဗန်ဒီဘိခ်က “ပထမပိုင်း နာရီဝက်လောက်က ကျနော်တို့ ပုံစံကောင်းပြခဲ့ပါတယ်။ မေဆင် (ဂရင်းဝုဒ်) ရဲ့ ဂိုးနဲ့ ကျနော်တို့ ဦးဆောင်နိုင်ခဲ့ပြီး ၂-၀၊ ၃-၀ ဖြစ်သွားနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ပါတယ်”

“ဒါပေမယ့် ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ တကယ်လို့သာ နောက်တဂိုးထပ်ရခဲ့ရင် ကျနော်တို့အတွက် ပိုလွယ်သွားနိုင်ပါတယ်။ ကျနော့်အနေနဲ့လည်း ဘောလုံးကို ဝေးဝေးကန်ထုတ်လိုက်သင့်တာပါ။ ဒါပေမယ့် ကျနော်မလုပ်ခဲ့ဘဲ ဒီအတွက်လည်း ကျနော် တာဝန်ယူပါတယ်”

“နောက်တဆင့်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့၊ ချန်ပီယံလိဂ်ရဲ့ ဒီအဆင့်မှာ ထိပ်တိုက်တွေ့မယ့် အသင်းတွေက တောင့်တင်းတဲ့ အသင်းတွေချည်းပါပဲ။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ထိပ်တန်းအဆင့်ပုံစံပြသနိုင်ဖို့ လိုအပ်တာပေါ့”

“ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ လူစာရင်းနဲ့က ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ် ထင်လို့ပါ။ ဒီတော့ ကျနော်တို့ နေ့စဥ်နဲ့အမျှ အလုပ်ကြိုးစားမယ်၊ ကျနော်တို့သာ ပုံစံကောင်းပြနိုင်ရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က