အသင်းထက် ကြီးမားတဲ့ကစားသမားမရှိဘူးဆိုတဲ့ ဖာဂူဆန်လက်ထက်က မူဝါဒအတိုင်း ကျင့်သုံးနေတာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က ယခုနွေရာသီမှာ ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်ဆိုရင် စိတ်ပြောင်းအောင် စည်းရုံးဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ၃ ပတ်ကြာ ဒဏ်ရာကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီးနောက်ပိုင်း ဒူဘိုင်းကနေ ပြန်လာခဲ့တာဖြစ်ပြီး ရန်းနစ်ခ်က ယူနိုက်တက်လူစာရင်းထဲက ဒဏ်ရာရကစားသမားတွေအနေနဲ့ ရှေ့လျှောက် အသင်းရဲ့ ကာရင်တန် ဌာနချုပ်မှာသာ ကုသမှု ခံယူရမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ၂၀၁၆ ခုနှစ်တုန်းက ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့ရတဲ့ကစားသမားကို ဒုတိယအကြိမ်မြောက် တပြားမှမရဘဲ လက်လွှတ်ရတော့မှာဖြစ်ပါတယ်။



ယာယီနည်းပြ ရန်းနစ်ခ်က အသင်းရဲ့ လူအင်အား ပမာဏက ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် စည်းရုံးရလောက်တဲ့အထိ မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး အသင်းမှာ ဆက်နေပြီး ကစားချင်တဲ့သူပဲ ရှိနေသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

"ကစားသမားတွေက မန်ချက်စတာယူနိုက်တက်လို ကြီးမားတဲ့ကလပ်အသင်းမှာ နေပြီး ကစားချင်ကြပါတယ်။ မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးအတွက် ကစားသမားတစ်ယောက်က ကာလလတ် သို့မဟုတ် ကာလရှည် မကစားပေးချင်ဘူးဆိုရင် သူ့စိတ်ကို ပြောင်းသွားအောင် စည်းရုံးဖို့ဆိုတာက အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်လို့ ကျွန်တော် ထင်တယ်။ အသင်းမှာရှိတဲ့ ဘယ်သူ့ကိုမှ ဆက်နေဖို့ စည်းရုံးရေးဆင်းသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး"

ရန်းနစ်ခ်ဟာ အင်္ဂါနေ့က ပေါ့ဂ်ဘာကို ဖုန်းဆက်စကားပြောခဲ့ပြီး တနင်္ဂနွေနေ့မှာ မျက်နှာချင်းဆိုင် စကားပြောသွားဖို့ ရှိနေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပေါင်ဒဏ်ရာကို ပြန်လည်သက်သာလာအောင် ဒူဘိုင်းမှာ ကုသမှု ခံယူနေခဲ့တာဖြစ်ပေမယ့် ရန်းနစ်ခ်ကတော့ ရှေ့ဆက်မယ့်အနာဂတ်မှာ ကစားသမားတွေအနေနဲ့ အသင်းရဲ့ ကုသရေးအစီအမံတွေကိုပဲ အသုံးပြုရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် ဘယ်ကစားသမားကိုမှ သူတို့ရဲ့ ပြန်လည်ထူထောင်ရေးကို နိုင်ငံခြား ဒါမှမဟုတ် တခြားဘယ်နေရာမှာမှ သွားမလုပ်စေချင်ဘူး။ ဒါပေမယ့် ပေါလ်အတွက် ဆုံးဖြတ်ချက်ကတော့ ကျွန်တေ်ာ မလာခင်ကတည်းက ချမှတ်ထားခဲ့ပြီးသားပါ။ ကျွန်တော် ဆေးဌာနနဲ့ စကားပြောဆိုခဲ့ပြီးဖြစ်ပြီး အနာဂတ်မှာ ဒဏ်ရာရနေတဲ့ကစားသမားတွေကို ဒီမှာပဲ နေပြီး ကုသမှု ခံယူစေချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က