အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တယ်လို့ အသိပေးထားသူပါ။

နယူးကာဆယ်လ်အသင်းဟာ ယခုရာသီ ဒုတိယနှစ်ဝက်အတွက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီ မာစီယယ်လ်ကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်လ်အသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လူအင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတာဖြစ်ပြီး The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး မာစီယယ်လ်ဟာ နယူးကာဆယ်လ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။



နယူးကာဆယ်လ်အသင်းဟာ ဒုတိယရာသီဝက်အတွက် အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို အငှားနဲ့ ခေါ်ယူဖို့ ပေါင် ၆ သန်းလောက် သုံးစွဲသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ ယုံကြည်ရပြီး အသင်းပိုင်ရှင်သစ်တွေက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ငွေရေးကြေးရေးအတွက် မပူရအောင် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီ မာစီယယ်လ်ဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်း မရှိခဲ့သူဖြစ်ပြီး ယခုရာသီမှာ ပွဲကစားချိန် မရတာကြောင့် အသင်းကနေ ထွက်ခွာချင်တယ်ဆိုတာကို အေးဂျင့်ကနေတဆင့် အသိပေးထားသူဖြစ်ပါတယ်။ မာစီယယ်လ်ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ ပေါင် ၃၆ သန်းနဲ့ မိုနာကိုအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမတိုင်ခင်အထိ ယူနိုက်တက်ပွဲထွက်လူစာရင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။

မာစီယယ်လ်ဟာ ၂၀၂၀-၂၀၂၁ ရာသီအတွင်း ခြေစွမ်း သိသိသာသာ ကျဆင်းမှုကို ခံစားခဲ့ရပြီး ပွဲထွက်ခွင့်နေရာမှာ ကာဗာနီ၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့နောက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ မာစီယယ်လ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ပြင်သစ်အသင်းမှာ နေရာတစ်နေရာ ရရှိနိုင်ဖို့ ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က