ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးပွဲစဉ်အတွင်း ရှုံးနိမ့်တဲ့အသင်းဘက်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် နီမန်ဂျာ မာတစ်ရဲ့ နောက်ပြောင်ကျီစယ်ခြင်းကို ခံခဲ့ရပြီး လက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က မာတစ်နဲ့ပေါင်းပြီး ပေါ်တူဂီတိုက်စစ်မှူးကို မျက်နှာပြောင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေဟာ အသင်းအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာနေတာကြောင့် သီးခြားစီ နေထိုင်ခဲ့ကြပြီးနောက် ယခုအပတ် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ပြန်လည်လေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ရန်းနစ်ခ်ရဲ့ အသင်းဟာ ရွေးချယ်စရာ အနည်းငယ်သာ ရှိနေခဲ့တာကြောင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မတိုင်မီ အဲဒီပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝတဲ့ကစားသမား ၉ ဦးသာ ရှိနေခဲ့တာဖြစ်ပြီး ပွဲကစားမယ့်နေ့မှာတော့ ၇ ဦးအထိတောင် လျော့ကျသွားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လညး် မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အက်ဒီ ဟောင်းရဲ့ ရုန်းကန်နေရတဲ့ နယူးကာဆယ်လ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီပွဲမတိုင်ခင် ယူနိုက်တက်ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ နည်းပြ ရန်းနစ်ခ်ရဲ့ အစီအမံတွေအတိုင်း လိုက်ပါလေ့ကျင့်ခဲ့ပြီးနောက် လေ့ကျင့်ရေးပွဲစဉ် ကစားနိုင်သေးတဲ့အထိ ယှဉ်ပြိုင်လိုတဲ့ စိတ်ဓာတ်တွေက မြင့်မားနေဆဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။
မာတစ်က အနိုင်ရရှိခဲ့တဲ့ အသင်းထဲမှာ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချက်ချင်းပဲ အင်စတာဂရမ်က ၎င်းရဲ့ ပရိသတ်တွေ သိအောင် အသင်းဖော်တွေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို "အနိုင်ရတဲ့ အသင်း။ ခရစ္စတီယာနို မင်း အဆင်ပြေရဲ့လား"ဆိုတဲ့ စာသားနံ့အတူ ရယ်မောနေတဲ့ ရုပ်ပြောင်ပုံကို ထည့်ပြီး မျှဝေခဲ့တာဖြစ်ပါတယ်။
ဒီလိုပုံမျိုးဟာ ရော်နယ်လ်ဒို အနိုင်ရရှိတဲ့အခါတိုင်း တင်လေ့ရှိတဲ့ ပုံစံမျိုးနဲ့ ဆင်တူပြီး မာတစ်က ဘလွန်ဒေါ ၅ ဆုရှင်အနေနဲ့ ဒီတစ်ကြိမ်မှာတော့ ကံမကောင်းနိုင်တော့ဘူးဆိုတာကို သတိပေးဖို့ အချိန်မဖြုန်းခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့ တစ်နိုင်ငံတည်းသား အသင်းဖော် ဖာနန်ဒက်စ်က လက်ရွေးစင်အသင်းဖော်ကို အားမပေးတဲ့အပြင် မာတစ်ရဲ့ ပို့စ်မှာ တုံ့ပြန်မှုပြုလုပ်ပြီး ကိုယ်တိုင်ကိုယ်ကျပါ မျက်နှာ ဝင်ပြောင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ရော်နယ်လ်ဒိုရဲ့ ကိုယ်ပိုင် အောင်ပွဲခံဟန်ဖြစ်တဲ့ "SIUUUUUUUUU" ကို ဘေးနားမှာ မီးတောက်အီမိုဂျီနဲ့ ရေးသားပြီး လက်ရွေးစင် အသင်းဖော်ကို မျက်နှာ ပြောင်ခဲ့တာဖြစ်ပါတယ်။