ကာရာဘောင်ဖလားရှိနေတဲ့အပေါ် ရန်းနစ်ဂ်က ဘဝင်မကျဖြစ်နေတာပါ။

ယူနိုက်တက် နည်းပြ ရန်းနစ်ဂ်က အင်္ဂလန်ပြည်တွင်းမှာ လိဂ်ဖလား (၂) လုံး ကစားနေတဲ့အပေါ် ဝေဖန်လိုက်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကို ဖျက်သိမ်းသင့်တယ်လို့ အကြံပေးစကားပြောကြားလာပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေက လက်ရှိအချိန်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ပွဲစဥ်ရွှေ့ဆိုင်းမှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ဒါက အသင်းတွေအတွက် ပွဲကျပ်တွေ ဖြစ်လာစေနိုင်ပါတယ်။



အထူးသဖြင့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဒီဇင်ဘာပွဲကျပ်ကာလမှာ အသင်းတွေက တော်တော်လေးကို ဒုက္ခရောက်ခဲ့ပြီး ဒီအထဲမှာ ယူနိုက်တက်လည်း အပါအဝင်ပါ။ ယူနိုက်တက်အသင်းတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကစားဖို့ရှိတဲ့ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ပွဲတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမားတွေက အင်ပြည့်အားပြည့် လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြပြီး ဘောက်ဆင်းဒေးမှာ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်တော့မှာပါ။ ဒီပွဲမတိုင်ခင်မှာ ရန်းနစ်ဂ်က “ဘောက်ဆင်းဒေး (ဒီဇင်ဘာ ၂၆) နဲ့ ဒီဇင်ဘာ (၂၇) မှာ ပွဲကစားတဲ့ အလေ့အထကို ခင်ဗျားတို့က ကျနော့်ထက် ပိုသိမှာပေါ့”

“ကျနော်တို့ ဒါကို လေးစားမှု ထားရမယ်ထင်ပါတယ်။ ကျနော့်ရဲ့ နည်းပြဘဝမှာ ဒါက ပထမဆုံးဖြစ်ပြီး ဒီအတွက်လည်း ပြင်ဆင်သွားမှာပါ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ပြဿနာတွေရှိနေဆဲပါ။ အင်္ဂလန်က ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ဖလားပြိုင်ပွဲ (၂) ပွဲရှိတဲ့ တခုတည်းသော လိဂ်ပါပဲ။ ကျနော်တို့ ဒီဖလားအကြောင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်”

“လိဂ်ဖလားက တတိယတန်းနဲ့စတုတ္ထတန်းကအသင်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို တိုးမြှင့်ပေးနိုင်တာ 'ဟုတ်ပါတယ်။ ဒါပေမယ့် ကျပ်တည်းနေတဲ့ ပြက္ခဒိန်မှာတော့ ဒီအကြောင်း ပြောဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ သမိုင်းတလျှောက် ကာရာဘောင်ဖလားလို့ခေါ်တဲ့ လိဂ်ဖလားကို (၅) ကြိမ်အထိ ဆွတ်ခူးထားနိုင်ပါတယ်။ ဒီရာသီ ကာရာဘောင်ဖလားပွဲမှာတော့ ယူနိုက်တက်တို့ တတိယအဆင့်မှာတင် ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။ 

Share

Loading Next Article...
က္က