ဘူဂေးရီးယားဂန္တဝင်တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်ဟာ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် အက်စ်တန် ဗီလာနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ဂျရတ်ရဲ့ အသင်းက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ် ရောက်ရှိလာပြီးကတည်းက အဆင့် ၁၆ နေရာကနေ အဆင့် ၁၀ အထိ တက်လှမ်းနိုင်ခဲ့တဲ့ အက်စ်တန် ဗီလာအသင်းဟာ တနင်္ဂနွေနေ့ညမှာ ချဲလ်ဆီးအသင်းကို နောက်ဆုံးလိဂ်ပွဲစဉ် ၇ ပွဲမှာ ၅ ပွဲမြောက် နိုင်ပွဲရယူဖို့အတွက် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ပွဲနိုင် ၃ ပွဲသရေရလဒ် ရရှိထားတာဖြစ်ပြီး အဓိကကစားသမားအများအပြားဟာ ဒဏ်ရာနဲ့ ကိုဗစ် ကူးစက်ခံထားရတာကြောင့် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမားစစ်စစ် မရှိဘဲ ကွင်းလယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မေဆန် မောင့်၊ ပူလီဆစ်တို့ကို သွင်းဂိုးတွေအတွက် အားထားနေရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ကရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ယန်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးနဲ့ ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့်သာ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က အက်စ်တန် ဗီလာနည်းပြ စတီဗင် ဂျရတ်ဟာ ဗီလာမှာ အမှန်တကယ် ပြောင်းလဲမှုတွေ ပြုလုပ်နေတာကြောင့် တနင်္ဂနွေနေ့ညပွဲစဉ်မှာ ပရိသတ်တွေကို အလွန်ကောင်းမွန်တဲ့ ခရစ္စမတ် လက်ဆောင်ပေးသွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
"ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သရေကျခဲ့ပြီး ဒီပွဲမှာ နောက်ထပ်တစ်ကြိမ် ပြဿနာထပ်ဖြစ်ဦးမယ်လို့ ကျွန်တော် ခံစားနေရပါတယ်။ စတီဗင် ဂျရတ်က တကယ်ကို ကြီးမားတဲ့ စိတ်အားထက်သန်မှုနဲ့အတူ နိုင်ပွဲတွေ ရယူဖို့ လုပ်ဆောင်နေပြီး ဒီပွဲမှာ နိုင်ပွဲရယူပြီး ပရိသတ်တွေကို အရမ်းကောင်းတဲ့ ခရစ္စမတ် လက်ဆောင်ပေးပါလိမ့်မယ်"လို့ Metro ကို ပြောကြားခဲ့ပါတယ်။