မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်က သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) က တော်တော်လေးကို ဖိအားများပြားစေခဲ့တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်္ဂလိပ်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံးဖြစ်ခဲ့တာပါ။
ဂရီလစ်ရှ်ဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ (၁၂) ပွဲ ပွဲထွက်ခွင့်ရရှိထားပြီး (၂) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဂရီလစ်ရှ်က “ကျနော် အခုထက်ပိုပြီး ပေးဆပ်ရဦးမှာပါ”
“နောက်ပြီး ကျနော်ထင်ထားတာထက်လည်း ပိုပြီး ခက်ခဲခဲ့တာပေါ့။ ကျနော် အခုချိန်ထိ သင်ယူနေဆဲ၊ အသားကျအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ တချို့ ကစားသမားတွေ အသင်းသစ်နဲ့ အသားကျဖို့ တနှစ်လောက် အချိန်ယူရတာကို ကျနော်ကြားမိပြီး ကျနော်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ”
“ကျနော် အခုထက် ဂိုးပိုသွင်းချင်ပြီး ဂိုးဖန်တီးမှုတွေ ပိုလုပ်ချင်ပါတယ်။ တကယ်ကို ရူးလောက်စရာပါပဲ။ ဘာလို့လဲဆိုတော့ ကွင်းတွင်း ကွင်းပြင်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေက မြင့်မားလွန်းလို့ပါ။ မယုံကြည်နိုင်လောက်အောင်လည်း ကောင်းမွန်လွန်းပြီး အဲ့ဒါကြောင့်လည်း မန်စီးတီးက အခုလို အောင်မြင်နေတာပေါ့”
“ခင်ဗျားက ပေါင်သန်း (၁၀၀) တန်ပြီဆိုလို့ကတော့ လူတွေက ဒီလူ ပိုက်ဆံပေးရတာနဲ့ တန်ရဲ့လား? သူ့ရဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေရော ဘယ်မှာလဲဆိုပြီး မေးတော့တာပဲ။ ကျနော် ဒါကို နားလည်ပါတယ်။ မန်စီးတီးက ကျနော့်အတွက် ဒီလောက်ပေးခဲ့တာ တကယ်ကို အခွင့်ထူးခံဖြစ်ခဲ့ပြီး သူတို့အတွက် သွင်းဂိုးတွေ၊ ဆုဖလားတွေကို ကျနော် ပြန်ယူပေးရမှာပါ”
“ချန်ပီယံလိဂ်မှာ ကစားရတာက ပရီးမီးယားလိဂ်နဲ့ လုံးဝကွဲပြားပါတယ်။ ကျနော် အရင်က ဥရောပပွဲ ကစားဖူးချင်ပေမယ့် မကစားခဲ့ဖူးပါဘူး။ ဒါပေမယ့် တကယ် ကစားချင်တာပါ။ ကွင်းထဲမှာ ချန်ပီယံလိဂ် သီချင်းသံကို ကြားရတာ အရမ်းကောင်းပါတယ်။ ဒီဖလားကလည်း ကစားသမားတိုင်း လိုချင်တဲ့ ဆုဖလားပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။