Tesla သူဌေးကြီး အီလွန်မတ်စ်ရဲ့ လက်ရှိကြွယ်ဝချမ်းသာမှုဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဘီလျံနာ ဂျက်ဖ်ဘီဇော့စ်ထက် ဒေါ်လာသန်း ၁၁၀ နီးပါး ပိုများနေတယ်လို့ ဆိုပါတယ်။
၂၀၂၁ နှစ်အကုန်ပိုင်းက အခွန်ဒေါ်လာ ၁၁ ဘီလျံဆောင်လိုက်ရတဲ့ Tesla သူဌေးကြီးဟာ ၂၀၂၂ နှစ်သစ်ကူးမှာ ဒေါ်လာ ဘီလျံ ၃၀ ပိုချမ်းသာတာ ဖြစ်တယ်လို့ Business Insider သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်အတွင်း Tesla ကားအစီးရေ မယုံနိုင်လောက်အောင် စံချိန်တင် ရောင်းချနိုင်ခဲ့ပြီးနောက် Tesla ရှယ်ယာဈေး ထိုးတက်လာခြင်းနဲ့အတူ အီလွန်မတ်စ်လည်း ဒေါ်လာ ဘီလျံ ၃၀ ကျော် ပိုက်မိသွားတာ ဖြစ်ပါတယ်။
Photo: Business Insider
လက်ရှိမှာ အီလွန်မတ်စ်ဟာ အသားတင် ဒေါ်လာ ၃၀၄ ဘီလျံ ချမ်းသာပြီး Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ကတော့ ဒေါ်လာ ၁၉၆ ဘီလျံချမ်းသာနေပါတယ် ။ အောက်တိုဘာ-ဒီဇင်ဘာ နောက်ဆုံးသုံးပတ်အတွင်းမှာ Tesla လျှပ်စစ်ကားကုမ္ပဏီဟာ ကားအစီးရေ ၃၀၈၆၀၀ စီးအထိ တင်ပို့နိုင်ခဲ့ပြီး ဒါဟာ ဈေးကွက်ဆန်းစစ်လေ့လာသူတွေရဲ့ ခန့်မှန်းချက်ထက်ကို အပြတ်သာခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ Tesla ဟာ ကားအစီးရေ စုစုပေါင်း ၉၃၆၁၇၂ စီး အထိ စံချိန်တင် ရောင်းချနိုင်ခဲ့တာပါ။
Photo: latimes
နှစ်အလိုက်ကားရောင်းအား ၈၇% ထိုးတက်လာခဲ့ပြီးနောက် Tesla ရဲ့ ရှယ်ယာဈေးဟာ ၁၃.၅% အထိ ခုန်တက်သွားခဲ့ပါတယ်။ တနင်္လာနေ့က Tesla ရှယ်ယာတွေဟာ တစ်စုကို ၁၁၉၉.၇၈ ဒေါ်လာအထိ မြင့်တက်သွားခဲ့တာကြောင့် ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ နောက်ထပ် ဒေါ်လာ ၁၄၄ ဘီလျံအထိ ထပ်တက်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၁.၂ ထရီလီယံတန်လုပ်ငန်းအဖြစ်ကို ရောက်လာခဲ့တယ်လို့ New York Post က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Tesla CEO အီလွန်မတ်စ်ဟာ အခွန်ဆောင်ဖို့အတွက် သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁၆ ဘီလျံကျော်တန် Tesla ရှယ်ယာတွေ ရောင်းချခဲ့ပါတယ်။ မတ်စ်ဟာ နောက်နှစ်မှာ သက်တမ်းကုန်မယ့် စတော့ခ်တွေ ဝယ်ခွင့်ရပြီးနောက် အခွန်အနေနဲ့ ဒေါ်လာ ၁၁ ဘီလျံကျော် ပေးဆောင်သွားရဖို့လည်း ရှိနေပါတယ်။