ကမ္ဘာ့ဒုတိယအကြီးဆုံး Bitcoin Mining ထုတ်နေတဲ့ ကာဇက်စတန်နိုင်ငံမှာ လူသေဆုံးစေတဲ့အထိ ဆန္ဒပြပွဲဖြိုခွင်းမှုများအတွင်းမှာ အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။
အာရှအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာဇက်စတန်နိုင်ငံမှာ ဓါတ်ငွေ့လောင်စာရည် LPG ဈေးထိုးတက်မှုအပေါ် ကန့်ကွက်ဆန္ဒပြရာကနေ အာဏာပိုင်တွေက အဓိကရုဏ်းနှိမ်နင်းရေးတွေ လုပ်ခဲ့သလို အင်တာနက်ပါ ဖြတ်တောက်ခဲ့တာပါ။ ကာဇက်စတန်နိုင်ငံအတွင်း ဆန္ဒပြမှုတွေနဲ့ အဓိကရုဏ်းတွေအတွင်းမှာ ဒါဇင်နဲ့ချီ သေဆုံးမှုချီပြီး ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
Photo: CNBC
လူသေဆုံးတဲ့အထိ နိုင်ငံအတွင်း မငြိမ်သက်မှုတွေကို ထိန်းချုပ်ဖို့ သမ္မတကာဆင်မ် ယိုမတ် တိုကေယက်ဗ် အဖွဲ့ နှုတ်ထွက်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေကို အခြေအနေထိန်းသိမ်းပေးဖို့ အကူအညီတောင်းခံထားပါတယ်။ သမ္မတဟာ နိုင်ငံရဲ့ တယ်လီကွန်းအော်ပရေတာတွေကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အရေးပေါ် အခြေအနေအရ အင်တာနက် ဖြတ်တောက်လိုက်ပြီးနောက် ကာဇက်စတန်က Bitcoin ထုတ်လုပ်မှုတွေပါ ရပ်ဆိုင်းသွားခဲ့တယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။
CNBC သတင်းအရ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်ဖြတ်တောက်မှုကြောင့် ကမ္ဘာ့ Bitcoin ထုတ်လုပ်သူတွေရဲ့ ၁၅% Offline ဖြစ်သွားတယ်လို့ မြောက်အမေရိကထဲ ဒေါ်လာသန်း ၄၀၀ ကျော်တန် Bitcoin Mining ပစ္စည်းအစိတ်အပိုင်း တင်သွင်းတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ Foundry တည်ထောင်သူ ကက်ဗင် ဇောင်က ဆိုပါတယ်။ ကာဇက်စတန် Bitcoin Miner တစ်ဦးဖြစ်တဲ့ ဒီဒါဘက်ဘာယူကတော့ "အင်တာနက်မရှိရင် Mining လုပ်လို့ မရဘူး" လို့ ပြောပါတယ်။
လျှပ်စစ်ဓါတ်အား အလွန်အကျွံသုံးစွဲမှု များလွန်းတဲ့ Cryptocurrency Mining လုပ်မှုကို ပိတ်ပင်တဲ့အနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်ကျော်က တရုတ်အစိုးရဟာ Cryptocurrency ထုတ်သူတွေကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ရာကနေ Miners တွေဟာ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကာဇက်စတန်မှာ ခိုလှုံပြီး Cryptocurrency ထုတ်လာခဲ့တာပါ။ ဒီနည်းနဲ့ ကာဇက်စတန်ဟာ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး Bitcoin Mining လုပ်တဲ့ နိုင်ငံအဖြစ်ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
Photo: journaldugeek
နိုင်ငံထဲ ပြောင်းရွှေ့ပြီး Bitcoin Mining လုပ်နေသူတွေကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ထိုးတက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကာဇက်စတန်နိုင်ငံအတွင်း မီးပြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအထိ Fortune ရဲ့ အချက်အလက်တွေအရ ကာဇက်စတန်နိုင်ငံဟာ ကမ္ဘာ့ Bitcoin Mining ထုတ်လုပ်မှုရဲ့ ၁၈% အထိ ထုတ်လုပ်ရာ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ Bitcoin ဈေးနှုန်းတွေကလည်း ထိုးကျနေပြီး လက်ရှိဒီနေ့ပေါက်ဈေးအရကို ဒေါ်လာ ၄၂၀၀၀ အောက်ကို ကျရောက်နေပါတယ်။
တစ်ခါက စွမ်းအင်အရင်းအမြစ်ပေါ်များပြီး တည်ငြိမ်မှု မြင့်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ ကာဇက်စတန်နိုင်ငံအတွင်း မငြိမ်သက်မှုတွေ အဆိုးဆုံးအခြေအနေနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။