Apple CEO တင်မ်ကွတ်ရဲ့ ၂၀၂၁ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၉၈.၇ သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင် SEC မှာ တင်သွင်းတဲ့ Apple ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။ အခြေခံလုပ်ခလစာ ၊ စတော့ခ်ရှယ်ယာနဲ့ တခြားခံစားခွင့်တွေ ပေါင်းလိုက်ရင် Apple ဟာ တင်မ်ကွတ်ကို ၂၀၂၁ ခုနှစ်အတွက် စုစုပေါင်း ဒေါ်လာ ၉၈.၇ သန်း ပေးခဲ့တာလို့ MacRumors သတင်းက ဆိုပါတယ်။ တင်မ်ကွတ်ဟာ အခြေခံလစာ ဒေါ်လာ ၃ သန်း နဲ့ စတော့ဆုကြေး ဒေါ်လာ ၈၂.၃၅ သန်းကျော် ရခဲ့တာလည်း ဖြစ်ပါတယ်။ ဆုကြေးချီးမြင့်ငွေ ၁၂ သန်း နဲ့ တခြားခံစားခွင့်အတွက် ဒေါ်လာ ၁.၃၉ သန်းလည်း ပါဝင်ပါတယ်။
Photo: QZ
ခံစားခွင့်တွေထဲမှာ ကွတ်ခ်အတွက် ကိုယ်ပိုင်လေကြောင်းခရီးသွားလာရေးသုံးဖို့ ၇၁၂၄၈၈ ဒေါ်လာ ၊ လုံခြုံရေးစရိတ် ဒေါ်လာ ၆၃၀၆၃၀ ၊ အငြိမ်းစားစုငွေ ဒေါ်လာ ၁၇၄၀၀ ၊ အသက်အာမခံကြေး ၂၉၆၄ ဒေါ်လာနဲ့ ခရီးသွားစဉ် အသေးသုံး ဒေါ်လာ ၂၃၀၇၇ တို့လည်း ပါဝင်ပါတယ်။ စတော့ခ်ရှယ်ယာပိုင်းချီးမြှင့်မှုဟာ ၅ နှစ်သက်တမ်းကြာပြီး နှစ်ပိုင်းခွဲပြီး လာပါတယ်။
ပထမအပိုင်းမှာ ဒေါ်လာ ၃၇.၅ သန်းတန် Apple အစုရှယ်ယာ ၃၃၃၉၈၇ စု ပါမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစလို့ နှစ်အလိုက် သုံးကြိမ်အရစ်ကျ ပေးသွားမှာပါ။ SEC မှာ တင်သွင်းတဲ့အချက်အလက်တွေအရ တင်မ်ကွတ်အငြိမ်းစားယူသွားရင်တောင် ဒီရှယ်ယာတွေ ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအသုတ် Apple ရှယ်ယာ ၃၃၃၉၈၇ စုပါရှိပြီး စတော့ခ်စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ထုတ်ပေးသွားမှာပါ။
Photo: CNBC
အောက်တိုဘာ ၂၀၂၃ ခုနှစ်မှာ ထုတ်ပေးသွားမယ့် ဒီရှယ်ယာတွေကတော့ ထုတ်ပေးချိန်မှာ ဒေါ်လာ ၄၄.၆၅ သန်း တန်မှာ ဖြစ်ပါတယ်။ ဒီရှယ်ယာတွေကို ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေရဲ့ ခံစားခွင့်ကော်မတီကနေ ရပ်ဆိုင်းနိုင်ပေမယ့် ကွတ်ခ်အနားယူချိန်မှာ ထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ တင်မ်ကွတ်ရဲ့ ခံစားခွင့်တွေထဲမှာ ၂၀၂ ဩဂုတ်လထဲမှာ ပေးခဲ့တဲ့ Apple Share ၅ သန်း ကျော် ထည့်တွက်ခြင်း မရှိပါဘူး။
အဲ့ဒီအချိန်က ဒေါ်လာ ၇၅၄ သန်း တန်တဲ့ ဒီရှယ်ယာတွေဟာ ၂၀၁၁ ခုနှစ် တင်မ်ကွတ် CEO အဖြစ် တာဝန်ယူပြီးချိန်ကစလို့ ရခဲ့တဲ့ အစုရှယ်ယာတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၁ အတွက် တင်မ်ကွတ်ရဲ့ ခံစားခွင့်ဟာ ပုံမှန် အလယ်အလတ်တန်း Apple ဝန်ထမ်းတစ်ဦးရဲ့ စုစုပေါင်းခံစားခွင့် ၆၈၂၅၄ ဒေါ်လာထက် အဆပေါင်း ၁၄၄၇ ဆ ရှိတယ်လို့လည်း ဆိုပါတယ်။