မက်ဆီကို ဘာစီလိုနာပြန်လာဖို့ အဲလ်ဗက်စ်က တိုက်တွန်းလိုက်တာပါ။

ဘာစီလိုနာ ညာနောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်က အသင်းရဲ့ ကစားသမားဟောင်း မက်ဆီကို ဘာစီလိုနာ ပြန်လာဖို့အတွက် ပွင့်ပွင့်လင်းလင်းပဲ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ဘဲ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာပါ။



ဒါပေမယ့် မက်ဆီတယောက် လက်ရှိအချိန်ထိ ပဲရစ်မြို့မှာ အသားကျဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ကွင်းပြင်ပနေထိုင်မှုတွေအပေါ် စိတ်တိုင်းမကျသေးတာက သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ပြင်သစ်မြေမှာ ဝေဖန်မှုတွေခံနေရတဲ့အပေါ် မက်ဆီတယောက် မပျော်ရွှင်နိုင်ပါဘူး။

ဘာစီလိုနာမှာ မီဒီယာနဲ့၊ ကလပ်အသင်းနဲ့ အမြဲတမ်း တသားတည်းဖြစ်ခဲ့ပြီး မျက်နှာသာပေးမှုတွေအောက် ပျော်ရွှင်ခဲ့ရပေမယ့် ပြင်သစ်မှာတော့ မက်ဆီ အခုချိန်ထိ ရုန်းကန်နေရဆဲပါ။ ဒါ့အပြင် အသင်းနဲ့နည်းပြ ပိုချက်တီနိုအပေါ် မက်ဆီက မကြာခဏ ဆိုသလို မလေးမစားပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီအပေါ်မှာလည်း မက်ဆီကို ဝေဖန်မှုတွေရှိနေပါတယ်။

အဲ့ဒါကြောင့်လည်း မကြာခင်ကမှ ဘာစီလိုနာကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဒန်နီအဲလ်ဗက်စ်က “ဘောလုံးသမိုင်းတလျှောက်မှာ မက်ဆီက အကောင်းဆုံး ကစားသမားပါ။ အခု ဘာစီလိုနာမှာ သူမရှိတော့တာ၊ သူ့ကိုမမြင်တွေ့ရတော့တာ၊ အသင်းလူစာရင်းမှာ သူမပါတော့တာ ကျနော့်အတွက် တော်တော်လေး ထူးဆန်းနေပါတယ်”

“တခါတလေ ကျနော်တို့ အိပ်မက်,မက်ခဲ့တဲ့အရာတွေက အမှန်တကယ် မဖြစ်လာခဲ့ပါဘူး။ ကျနော် သူ့ကို ဘာစီလိုနာထက် ပိုကောင်းတဲ့နေရာ ရှိနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ ကျနော် ဘာစီလိုနာက ထွက်ခွာသွားတုန်းကလည်း သူ ဒီလို ပြောခဲ့ပါသေးတယ်”

“တကယ်လို့သာ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်မယ်ဆိုရင် ဒါကအရမ်းကို ကောင်းမွန်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က