ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ အသင်းမှာရှိတဲ့ ကစားသမားတွေထဲက မက်ဂွိုင်းရား၊ လုခ်ရှောနဲ့ ဝမ်ဘစ်ဆာကာတို့က လုံလောက်တဲ့ ခြေစွမ်း အဆင့်အတန်းမျိုးမရှိဘူးလို့ ဘုတ်အဖွဲ့ဆီကို အသိပေးထားပါတယ်။ ဒီသတင်းကတော့ အံ့အားသင့်စရာဖြစ်ပြီး အထူးသဖြင့် အသင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ မက်ဂွိုင်းရားနဲ့ ပတ်သက်လို့ ရန်းနစ်ဂ်က ဒီလိုမျိုး အသိပေးခဲ့ရတာပါပဲ။
မက်ဂွိုင်းရားဟာ နောက်တန်းမှာ မကြာခဏဆိုသလို အမှားအယွင်းတွေ ကျူးလွန်နေပြီး လုခ်ရှော၊ ဝမ်ဘစ်ဆာကာတို့ နှစ်ယောက်ရဲ့ နောက်တန်းအစွန်နေရာတွေအပေါ်မှာလည်း ယူနိုက်တက် ပရိသတ်တွေက အားမလိုအားမရဖြစ်နေတာပါ။
ဝမ်ဘစ်ဆာကာရဲ့ ခံစစ်စွမ်းဆောင်ရည်က ကျေနပ်စရာရှိတယ်ဆိုပေမယ့် တိုက်စစ်လိုက်ပါမှုကတော့ တော်တော်လေး ဆိုးရွားနေပါတယ်။
အဲ့ဒါကြောင့် ရန်းနစ်ဂ်ဟာ သူ့လက်ထက်မှာ ဒါလော့၊ အဲလက်စ်တဲလက်စ်တို့ကို အဓိက အသုံးပြုဖို့ ပြင်ဆင်ခဲ့ပေမယ့် အချို့ပွဲတွေမှာတော့ ဝမ်ဘစ်ဆာကာနဲ့ လုခ်ရှောတို့သာ ပွဲထွက်လာတာကိုလည်း တွေ့နေရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ရန်းနစ်ဂ်ဟာ ဒီလအစောပိုင်းမှာ အသင်းတာဝန်ရှိသူတွေဆီ ဒီကစားသမားတွေနဲ့ ပတ်သက်လို့ အသိပေးထားတယ်လို့ သိရပါတယ်။
အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တဲ့အပြင် နောက်ခံအစွန်လူနှစ်နေရာအပါအဝင် အဓိကပြောင်းလဲမှုတွေကို ရန်းနစ်ဂ် ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။ ရန်းနစ်ဂ်ဟာ ဗဟိုနောက်ခံလူနေရာအတွက် ဝုလ်ဗ်နောက်ခံလူ ကီလ်မန်းကို မျက်စိကျနေတယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်ဟာ မက်ဂွိုင်းရားအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတရပ်ဖြစ်တဲ့ ပေါင်သန်း (၈၀)၊ ဝမ်ဘစ်ဆာကာအတွက် ပေါင်သန်း (၅၀)၊ လုခ်ရှောအတွက် ပေါင်သန်း (၃၀) အသုံးပြုခဲ့ရတာဖြစ်ပြီး ရန်းနစ်ဂ်က အသင်းအကြံပေးအဖြစ် ဆက်ရှိနေမယ့် အနေအထားမှာ ဒီလို သတင်းတွေ ထွက်ပေါ်လာတာက ကစားသမားတွေအတွက် စိုးရိမ်စရာပဲဖြစ်ပါတယ်။