အီလန်ဂါနဲ့ပတ်သက်လို့ ရန်းနစ်ဂ်က ဆုံးဖြတ်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က သူ့အနေနဲ့ အသင်းရဲ့ လူငယ် အကယ်ဒမီက တိုက်စစ်ကစားသမားလေး အီလန်ဂါရဲ့ ကစားပုံကို YouTube ကတဆင့် ကြည့်ရှုပြီးတဲ့နောက် ဒီကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။



ဆွီဒင်လူငယ် ကစားသမားလေး အီလန်ဂါဟာ ရန်းနစ်ဂ်လက်ထက်မှာ ပုံမှန်တနေရာ ရရှိဖို့တောင် နီးစပ်လာပြီလို့ဆိုရမှာဖြစ်ပြီး မနေ့ညက ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း သူ့အတွက် ဒီရာသီ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အီလန်ဂါဟာ အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်တို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တာပါ။ အီလန်ဂါနဲ့ပတ်သက်လို့ ရန်းနစ်ဂ်က “ကျနော် အသင်းကို ပထမဆုံးစရောက်တဲ့နေ့၊ ပထမဆုံး လေ့ကျင့်ခန်းမှာတင် အီလန်ဂါက သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့တဲ့ ကစားသမားပါ”

“ကျနော် အဲ့ဒီအချိန်မတိုင်ခင်တည်းက သူ့နာမည်ကို ကြားဖူးခဲ့ပြီး သူကစားတာကို ကျနော့် ဟိုတယ်ခန်းထဲမှာ YouTube ကတဆင့် ရှာကြည့်ခဲ့ပါတယ်။ နောက်ပြီး သူက တကယ်ကောင်းတဲ့ ကစားသမားလို့ ကျနော် ထင်မြင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူက အသင်းကနေ အငှားနဲ့ ထွက်ကစားဖို့လည်း တော်တော်လေး နီးစပ်နေခဲ့တာပါ”

“ဒါပေမယ့် ကျနော်သူ့ကို အသင်းကနေ ထွက်ခွာခွင့်မပေးနိုင်ဘူး၊ ယူနိုက်တက်မှာပဲ ဆက်နေရမယ်လို့ ပြောခဲ့ပါတယ်။ အီလန်ဂါက လေ့ကျင့်ရေးကွင်းမှာ အများကြီး တိုးတက်လာခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အီလန်ဂါဟာ မနေ့က ဘရန့်ဖို့ဒ်ဘက်ကို သူကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲအပြီးမှာလည်း သူ့အပေါ်မှာ ယုံကြည်မှုထားခဲ့တဲ့ နည်းပြရန်းနစ်ဂ်ကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က