မီးတောင်ပေါက်ကွဲမှုကြောင့် အင်တာနက်ဆက်ကြောင်း ပြတ်တောက်နေတဲ့ တွန်ဂါကျွန်းစုနိုင်ငံအတွက် Starlink အင်တာနက်စက်တွေ ပေးပို့သွားမယ်လို့ ကမ္ဘာကျော်ဘီလျံနာကြီး အီလွန်မတ်စ်က ပြောပါတယ်။
ဇန်နဝါရီလလယ်က ဖြစ်ပွားခဲ့တဲ့ တွန်ဂါရေအောက်မီးတောင်ပေါက်ကွဲမှုအတွင်း ပင်လယ်ရေအောက် အင်တာနက်ကေဘယ်ကြိုးများ ပြတ်တောက်ပြီး အင်တာနက်ဆက်သွယ်မှုပါ ပြတ်တောက်သွားခဲ့တာပါ။ မီးတောင်ပေါက်ကွဲမှုကြောင့် ပြင်းထန်လှတဲ့ ဆူနာမီတစ်ခု ဖြစ်လာခဲ့ပြီး ရေအောက်မှာ သွယ်တန်းထားတဲ့ ၈၂၇ ကီလိုမီတာ (မိုင်ပေါင်း ၅၁၄ မိုင်) ရှည်လျားတဲ့ အင်တာနက်ကေဘယ်ကြိုးလည်း ပြတ်တောက်ရာကနေ ကျွန်းရဲ့ ဆက်သွယ်ရေးတွေ ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။
Photo: business-standard
ဒေသတွင်း ပင်လည်ရေအောက် အင်တာနက်ကေဘယ်တွေ ထိန်းသိမ်းပြုပြင်မှုလုပ်နေတဲ့ Southern Cross Cable Network ရဲ့ မားကတ်တင်းနဲ့ အရောင်းဒါရိုက်တာ ခရေ့ချ် စလော့တ်ကတော့ နိုင်ငံအနေနဲ့ အင်တာနက်ဆက်သွယ်မှု ပြန်ပြင်ပြီးတဲ့အထိ စုစုပေါင်း နှစ်ပတ်ခန့် အချိန်ယူရဖို့ ရှိတယ်လို့ ပြောထားပါတယ်။ Reuters က ဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာ တွန်ဂါတစ်နိုင်ငံလုံး အင်တာနက်ပြန်ရဖို့ အနည်းဆုံး ၁ လ ကြာနိုင်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့က မဂ္ဂါတန် ၁၀ တန် ဝန်းကျင်အားရှိတဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် အင်တာနက်ပြတ်တောက်ခဲ့တဲ့အပေါ် SpaceX သူဌေးကြီးအီလွန်မတ်စ်က အကူအညီပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
"တွန်ဂါနိုင်ငံက လူတွေအနေနဲ့ Starlink စက်တွေကို SpaceX အနေနဲ့ ပို့ပေးဖို့ အရေးကြီးမကြီး သိလို့ ရနိုင်မလား။ "လို့ မတ်စ်က Tweet တင်ထားပါတယ်။ နယူးဇီလန်ပါလီမန်အမတ်တစ်ယောက်ဖြစ်တဲ့ ရှိန်း ရတ်တီရေးတဲ့ စာကြောင့် ဒီ Tweet ကို မတ်စ်က တင်လိုက်တာပါ။ ရတ်တီရဲ့ စာထဲမှာ တွန်ဂါနိုင်ငံအတွက် Starlink အင်တာနက်ဆက်သွယ်ရေး အရေးပေါ် လိုအပ်ကြောင်း တောင်းခံထားပါတယ်။
Photo: Business Insider
SpaceX အနေနဲ့ ဂြိုလ်တုတွေနဲ့ လေဆာချိတ်ဆက်မှု လုပ်ဖို့ မလုံလောက်တာကြောင့် Starlink စက်တွေ ထုတ်ပေးဖို့အတွက် ရှင်းလင်းတဲ့ အတည်ပြုချက်တောင်းထားတယ်လို့လည်း ပြောထားပါတယ်။ လက်ရှိ ကမ္ဘာပတ်လမ်းထဲမှာ လွှင့်တင်ထားတဲ့ Starlink ဂြိုလ်တုပေါင်း ၁၆၅၀ ကျော် ရှိပြီး ကုမ္ပဏီရဲ့ ဂြိုလ်တုချိတ်ဆက် အင်တာနက်ကွန်ရက်ကို အမေရိကန် ၊ ကနေဒါနဲ့ ဩစတြေးလျအပါအဝင် နိုင်ငံ ၁၄ နိုင်ငံက အသုံးပြုနေကြတယ်လို့လည်း သိရပါတယ်။