ဒီညပွဲမတိုင်ခင် မိုယက်စ်က ပြောကြားခဲ့တာပါ။

လက်ရှိ ဝက်စ်ဟမ်းကို ကိုင်တွယ်နေတဲ့ နည်းပြ မိုယက်စ်ဟာ ယူနိုက်တက် နည်းပြဟောင်းတယောက်ဖြစ်ပြီး ဒီညမှာတော့ အသင်းဟောင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မိုယက်စ်ဟာ ဖာဂူဆန် ထွက်သွားပြီးနောက်ပိုင်း ယူနိုက်တက်ကို ပထမဆုံး တာဝန်ယူခဲ့တဲ့ နည်းပြပါ။



ဒါပေမယ့် မိုယက်စ်တယောက် ရလဒ်ဆိုးတွေကြောင့် ယူနိုက်တက်နည်းပြ ထိုင်ခုံပူပေါ်မှာ ခဏသာ ထိုင်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ရန်းနစ်ဂ်က ယူနိုက်တက်နည်းပြအဖြစ် ရှိနေပါတယ်။ ဒီညမှာတော့ နှစ်ယောက်သား ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် မိုယက်စ်က အခုလိုပဲ ပြောကြားလာပါတယ်။

မိုယက်စ်က “ရန်းနစ်ဂ်ရဲ့ဂုဏ်သတင်းတွေ၊ ဘောလုံးလောကမှာ သူလုပ်ဆောင်ခဲ့တဲ့အရာတွေ၊ စိတ်ကူးစိတ်သန်းတွေက အချိန်အတော်ကြာ ကောင်းမွန်ခဲ့ပြီး စောင့်ကြည့်ချင်စရာကောင်းတဲ့လူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ မန်နေဂျာဖြစ်လာတာက အခြားအရာတွေနဲ့ မတူပါဘူး”

“ခင်ဗျား အိုင်ဒီယာ ဘာပဲဖြစ်နေဖြစ်နေ ဒီအသင်းရောက်ရင် အလုပ်မဖြစ်ပါဘူး။ ခင်ဗျားမှာရှိတဲ့ ကစားသမားတွေနဲ့ ခင်ဗျား လိုချင်တဲ့အတိုင်း ကစားလို့ မရပါဘူး။ အချိန်ယူရမှာဖြစ်ပြီး အဲ့ဒါမှသာ ခင်ဗျားအနေနဲ့ ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်မှာပါ”

“အလုပ်ကြီးအကိုင်ကြီးကို ရပြီဆိုတာနဲ့ ခင်ဗျားကို ချက်ချင်း ဝေဖန်ပိုင်းခြား သုံးသပ်ကြမှာပဲ။ ကျနော်ကတော့ စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ယူနိုက်တက်မှာ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ပါ။ ဒါပေမယ့် ယူနိုက်တက်က နောက်ပိုင်းနှစ်တွေမှာ နည်းပြကောင်းအချို့ကို ရခဲ့ပါတယ်။ တကယ်လည်း ခက်ခဲတဲ့အလုပ်တခုပါ”

“ခင်ဗျား ယူနိုက်တက်နည်းပြ ရာထူးက ပြုတ်ပြီဆိုတာနဲ့ တကမ္ဘာလုံးကို သတင်းပျံ့ပြီပဲ။ ကျနော် ဆာအဲလက်စ်ဖာဂူဆန်ဆီက ဒီရာထူးကို လက်လွှဲယူခဲ့တုန်းက တကယ်ကို ခက်ခဲခဲ့တာပါ။ ကျနော် ယူနိုက်တက်နည်းပြဖြစ်ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်ပေမယ့် ပိုကောင်းအောင် လုပ်ခွင့်ရချင်ခဲ့ပါတယ်”

“အဲ့ဒီအချိန်တုန်းက ကျနော်က ယူနိုက်တက်နည်းပြရာထူးအတွက် အဆင်သင့်ဖြစ်ခဲ့ပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ဟာ ဒီည (၉) နာရီခွဲမှာ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။  

Share

က္က