ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ဂယ်ရီနဗီးလ်က လက်ရှိ ဒါဘီနည်းပြ ရွန်းနီအနေနဲ့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို ကိုင်တွယ်ခွင့်ဆိုတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
ရွန်းနီဟာ အဲဗာတန် ငယ်မွေးခြံပေါက် ကစားသမားတယောက်ဖြစ်သလို ယူနိုက်တက်မှာလည်း ဂယ်ရီနဗီးလ်နဲ့ အသင်းဖော်ဟောင်း၊ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်းတယောက်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရွန်းနီက လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။
ဒါဘီဟာ လက်ရှိ ဘောလုံးရာသီမှာ အခက်အခဲတွေကြားထဲ ရုန်းကန်နေရပြီး ရမှတ်လျှော့ပြစ်ဒဏ်တွေကြောင့် အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရွန်းနီရဲ့ အကောင်းဆုံး ဦးဆောင်လမ်းပြမှုကြောင့် ဒီအသင်းက အမှတ်ပေးဇယား အောက်ဆုံးကနေ တဆင့် တက်နိုင်ခဲ့ပြီး တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက်လည်း (၈) မှတ်သာ ကွာဟပါတော့တယ်။
လက်ရှိအချိန်မှာလည်း အဲဗာတန်နည်းပြ ရာထူးအတွက် ရွန်းနီက သတင်းထွက်နေပြီး ဂယ်ရီနဗီးလ်ကလည်း ရွန်းနီနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာပါတယ်။ ဂယ်ရီနဗီးလ်က “ရွန်းနီအနေနဲ့ အဲဗာတန်နည်းပြရာထူးအတွက် ကျနော့်ဆီ ဖုန်းဆက်ပြီး အကြံတောင်းနေစရာတောင် မလိုပါဘူး။ ကျနော့်စိတ်ထင် သူ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ပါတယ်”
“ရွန်းနီက အဲဗာတန်နည်းပြဖြစ်လာဖို့ သတင်းတွေထွက်နေတယ်၊ အဲဗာတန် ပရိသတ်အဖြစ် ငယ်ဘဝတည်းက ကြီးပြင်းလာခဲ့တယ်၊ သူ့အတွက် အဲဗာတန်နည်းပြရာထူးအတွက် အဲဗာတန်ကို ပြန်သွားဖို့ (၅) မိနစ်တောင် စဥ်းစားစရာ မလိုဘူးလို့ထင်ပါတယ်"
"အခုချိန်မှာ ဒါက သူ့အတွက် သင့်တော်ရဲ့လား၊ မသင့်တော်ဘူးလား၊ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာတော့ ကျနော်လည်း မသိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။