ရှယ်ယာတန်ဖိုး ၂၀% အထိ ကျဆင်းနေပါတယ်

ကုမ္ပဏီသက်တမ်း ၁၈ နှစ်အတွင်းမှာ Facebook လူမှုကွန်ရက်ပလက်ဖောင်းဟာ ပထမဆုံးအကြိမ် အသုံးပြုသူဦးရေ ကျဆင်းတဲ့ သုံးလပတ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်ဖြစ်တဲ့ အောက်တိုဘာ-ဒီဇင်ဘာ ၃ လအတွင်း Facebook နေ့စဉ်သုံးစွဲသူဦးရေဟာ အရင်သုံးလပတ်နဲ့ စာရင် တစ်သန်းခန့် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ The Verge သတင်းရဲ့ ဖော်ပြချက်မှာတော့ အရင်သုံးလပတ်မှာ နေ့စဉ်အသုံးပြုသူ ၁.၉၃ ဘီလျံ ရှိခဲ့ရာကနေ စတုတ္ထသုံးလပတ်မှာ ၁.၉၂၉ ဘီလျံကို ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ 



Photo: zivallo


ဒါဟာ Facebook ပလက်ဖောင်းကို လူငယ်တွေ စိတ်ဝင်စားမှု ကျဆင်းလာပြီဆိုတဲ့ သုတေသနအချက်အလက်တွေကို အတည်ပြုလာတာလို့ ဆိုနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး အမေရိကန်မှာ ဆယ်ကျော်သက်အရွယ် အသုံးပြုသူများ Facebook App သုံးစွဲမှု ၁၃% ကျဆင်းလာနေပြီး နှစ်နှစ်ကျော်အတွင်း ၄၅% ကျော် ကျဆင်းဖို့ ရှိတယ်လို့ သုတေသနအချက်အလက်တွေက ဖော်ပြနေပါတယ်။

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ဆယ်ကျော်သက်အရွယ် လူငယ်အသုံးပြုသူတွေကို ဆွဲဆောင်နိုင်ဖို့ TikTok လိုမျိုး Short-Video ဖန်တီးရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Reels မှာ ပိုပြီး ရင်းနှီးမြှပ်နှံမှု လုပ်ထားတယ်လို့ ဆိုပါတယ်။ ရေရှည်အတွက် ကုမ္ပဏီရဲ့ မျှော်မှန်းချက်ဟာ AR/VR လုပ်ဆောင်နိုင်စွမ်းတွေနဲ့ Metaverse အထောက်အကူပြု ရှေ့ပြေးနည်းပညာပိုင်း ဖန်တီးရေးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ ဒီအတွက် ဒေါ်လာ ၁၀ ဘီလျံအထိ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ 

သုံးလပတ်ဝင်ငွေရလဒ်ရှင်းတမ်းမှာ Meta ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဒေးဗစ် ဝါ့နာက အသုံးပြုသူဦးရေဖွံ့ဖြိုးမှု ကျဆင်းလာခြင်းဟာ တခြား Apps တွေရဲ့ ပြိုင်ဆိုင်မှု တိုးလာခြင်းကြောင့်လည်း ပါတယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ အင်တာနက်ဒေတာဈေးမြှင့်လိုက်တာကလည်း အခုလို Users ဖွံ့ဖြိုးမှုနှေးကွေးရတဲ့ အကြောင်းအရင်းလို့ ဝါ့နာက ဆိုပါတယ်။ အိန္ဒိယဟာ Facebook ရဲ့ အကြီးဆုံးဈေးကွက်တစ်ခုဖြစ်ပြီး ခန့်မှန်းခြေ Faceook Users ပေါင်း သန်း ၃၅၀ ခန့် ရှိနေပါတယ်။ 

နေ့စဉ် အသုံးပြုသူဦးရေ ကျဆင်းလာနေပေမယ့် Faceook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ငွေကြေးအရ အမြတ်အစွန်းထွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာတင် ဒေါ်လာ သန်း ၄၀ နီးပါး အမြတ်အစွန်းရခဲ့ပြီး အများစုက ကြော်ငြာကနေ ဝင်တာ ဖြစ်ပါတယ်။ Metaverse စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ Reality Labs မှာ ဒေါ်လာ ဘီလျံနဲ့ချီ အရှုံးပြနေပါတယ်။

Photo: Business Insider


Reality Labs ဟာ Quest VR Headset ၊ VR Software ၊ AR မျက်မှန်သစ်တွေနဲ့ တခြား Metaverse နဲ့ ဆိုင်တဲ့ ပရောဂျက်တွေ လုပ်နေတဲ့ဌာနဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ ဒေါ်လာ ၂.၃ ဘီလျံ ဝင်ငွေရကာ ဒေါ်လာ ၁၀.၂ ဘီလျံ အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ Meta အနေနဲ့ Quest VR Headset ရောင်းချနိုင်မှုပမာဏ ကြေညာခြင်း မရှိပေမယ့် ဒီနှစ်ထဲမှာ တန်ဖိုးမြင့်VR Headset သစ်တစ်မျိုး မိတ်ဆက်သွားမယ်လို့ ပြောထားပါတယ်။ 

လောလောဆယ် Facebook စတော့ရှယ်ယာတန်ဖိုး ၂၀ ရာခိုင်နှုန်းကျဆင်းပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလျံ ၂၀၀ ခန့် လျော့ကျနေပါတယ်။ 

Share

Loading Next Article...
က္က