ပထမပိုင်းမှာတင် ယူနိုက်တက်တို့ သုံးဂိုးသွင်းနိုင်ခဲ့တာပါ။

ယူနိုက်တက်နည်းပြကြီး ရန်းနစ်ဂ်က မနေ့ညက ဘန်လေနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းသွင်းယူခဲ့တဲ့ဂိုးတွေ မရရှိခဲ့တဲ့အပေါ် စိတ်ပျက်လက်ပျက်နဲ့ ငြီးတွားပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာ ပေါ့ဘာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂျေးရိုဒရီဂွက်ဇ်ရဲ့ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။



ပထမပိုင်းမှာ ယူနိုက်တက်တို့ ပေါ့ဘာရဲ့ဂိုးအပြင် ဗာရန်းရဲ့ခေါင်းတိုက်ဂိုး၊ ပြိုင်ဘက်ကစားသမား ဘရောင်းဟေးလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတို့ကတဆင့် ဂိုးတွေရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဗာရန်းရဲ့ဂိုးကို ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့သလို နောက်တကြိမ်မှာလည်း ပေါ့ဘာက ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဂိုးမပေးခဲ့ပါဘူး။

ဒီသရေရလဒ်ကြောင့် ယူနိုက်တက်အတွက် နစ်နာခဲ့ရပြီး ပွဲအပြီးမှာတော့ ရန်းနစ်ဂ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ရန်းနစ်ဂ်က “ကျနော်တို့ သုံးဂိုးသွင်းခဲ့တာလေဗျာ။ ဒါက ပြီးခဲ့တဲ့သောကြာနေ့ကပွဲ (မစ်ဒယ်ဘရော့နဲ့အက်ဖ်အေဖလားပွဲ) နဲ့ ကွဲပြားခြားနားပါတယ်”

“ကျနော်တို့ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်၊ ပွဲကိုလွှမ်းမိုးပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပြီး သုံးဂိုးအထိ သွင်းယူခဲ့ပေမယ့် အဲ့ဒီထဲက နှစ်ဂိုးကတော့ ခွင့်ပြုခြင်းမခံခဲ့ရပါဘူး။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ လုံလောက်တဲ့ပုံစံကို မပြသနိုင်တော့ပါဘူး။ ပြိုင်ဘက်က တကယ်ကို တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ပြန်လာမယ်ဆိုတာ ရှင်းလင်းပါတယ်”

“သူတို့ကို ဂိုးသွင်းခွင့်ပြုခဲ့ရတဲ့ အနေအထားမှာ ကျနော်တို့က အခြေအနေတခုလုံးကို ကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ကျနော်တို့အတွက် စိတ်ပျက်စရာ ညတညပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီပွဲကို သက်သောင့်သက်သာ နိုင်ခဲ့သင့်တာပါ။ ပထမပိုင်းမှာတင် သုံးဂိုးသွင်းနိုင်ခဲ့တာကြောင့် အသင်းကို အခွင့်အရေးတွေ အသုံးမချနိုင်ဘူးဆိုပြီး ကျနော် အပြစ်မတင်နိုင်ပါဘူး”

“နောက်ဆုံးမှာတော့ ကံတရားကိုပဲ မေးခွန်းထုတ်ရမှာဖြစ်ပြီး နောက်တချက်ကတော့ အသင်းရဲ့စွမ်းဆောင်ရည်က လုံလောက်မှုမရှိခဲ့တာပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က